Pages

Pages - Menu

Wednesday, August 13, 2014

ဘဏ္ဍာ/ခွန်ဝန်ကြီး ဟန်ဆောင်၍ မြန်အောင်၌ ကျပ်သိန်း ၂၀ ကျော် ငွေကြေး လိမ်လည်တောင်းခံ

RangonNewsDaily:: August . 13 .2014
အမျိုးသားတစ်ဦးက ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဟု ပြောဆိုကာ မြန်အောင်မြို့ အမှတ် (၁) ရပ်ကွက် ဆေးရုံတဲကြီး ကုန်းလမ်းတွင် နေထိုင်သည့် အငြိမ်းစား အလယ်တန်းပြ ကျောင်းဆရာမတစ်ဦးထံမှ ကျပ်သိန်း ၂၀ ကျော်ကို သြဂုတ်လ ၆ ရက်နေ့က လိမ်လည်တောင်းခံခဲ့ကြောင်း မြန်အောင် မြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။

အစိုးရ ချထားပေးသည့် ဖုန်းရောင်းချမှု နှစ် ၃၀ ပြည့် အထိမ်းအမှတ် မဲပေါက်သူများတွင် ပါဝင်သည့်အတွက် ကျပ်သိန်း ၁၀၀၀ ကျော် ရရှိမည် ဖြစ်သောကြောင့် အခွန်ပေးဆောင်ရန် ကျပ် ၂၂ သိန်း လွှဲပြောင်းပေးရမည်ဟု ဆိုကာ ရန်ကုန်မြို့တွင် နေထိုင်သူ အဆိုပါ လိမ်လည်သူ အမျိုးသားက ဖုန်းဖြင့် ဆက်သွယ်ပြောကြားကာ ငွေကြေးတောင်းခံခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အငြိမ်းစား ကျောင်းဆရာမ ဒေါ်စန်းစန်းမြင့်ထံ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးစောဝင်းထွန်း ဆိုသူက ဖုန်းနံပါတ် ၀၉၄၂------- နံပါတ်ဖြင့် ဆက်သွယ်ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းနောက် လိမ်လည်ခံရသူက ကံစမ်းမဲ ပေါက်သော ကျပ်သိန်း ၁၁၀၀ အတွက် နှစ်ရာခိုင်နှုန်း ကျပ် ၂၂ သိန်းကို ရန်ကုန်မြို့ရှိ တာမွေ မြန်မာအရှေ့တိုင်းဘဏ်သို့ ဦးသက်လွင်ဦး ၁၀/မလမ (နိုင်) ၁၄၄၁၄၅ အမည်ဖြင့် မြန်အောင်မြို့မှတစ်ဆင့် ငွေလွှဲပေးခဲ့ခြင်း ဖြစ်ကြောင်း ယင်းရဲအရာရှိက ရှင်းပြသည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ အမှုဖွင့်ထားပြီး ပြစ်မှုကျူးလွန်သူကို စုံစမ်းလျက်ရှိကာ ရန်ကုန်မြို့ရှိ မြန်မာအရှေ့တိုင်းဘဏ်နှင့် ပူးပေါင်းပြီး CCTV ကင်မရာ မှတ်တမ်းများ ကြည့်၍ မှတ်ပုံတင်များကိုလည်း ပြန်လည် စစ်ဆေးလျက် ရှိကြောင်း မြန်အောင် မြို့မရဲစခန်းမှူး ဒုတိယရဲမှူး မောင်မောင်တာက ပြောကြားသည်။

“ငွေလိမ်တောင်းခံသူဆီကို ဖုန်းဆက်ကြည့်တော့ နိုင်ငံတော်အကြီးအကဲ တစ်ဦးရဲ့ ဖုန်းလို့ပြောတယ်။ နောက်တစ်ခါ ထပ်ဆက်ကြည့်တော့ ရှမ်းပြည်ကို ရောက်နေတယ်ဆိုတော့ အချိန်ယူရမယ့် သဘောရှိတယ်” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

The Voice  , KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment