Pages

Pages - Menu

Monday, August 25, 2014

တောင်သမန်အင်းရေ မြင့်တက်၍ ကန်ပတ်လမ်း ကျောက်စီတာပေါင်ရိုး အနည်းငယ်ပြိုကျ

တောင်သမန်အင်း ကျောက်စီတာပေါင်ရိုး ပျက်စီးပြိုကျနေမှုကို သြဂုတ်၂၃ရက် နံနက်က တွေ့ရစဉ် (ဓာတ်ပုံ−ညီညီဇော်)
RangonNewsDaily:: August . 24 .2014
တောင်သမန်အင်းရေမြင့်တက်လာမှုကြောင့် ကန်ပတ်လမ်း ကျောက်စီတာပေါင်ရိုး အနည်းငယ် ပြိုကျပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။
သြဂုတ် ၂၀ ရက် ညပိုင်းက အမရပူရမြို့ တောင်သမန်အင်း အနောက်ဘက်ရွှေဂွမ်းထုပ်ရပ်ကွက်ရှိ တောင်သမန်ကန်ပတ်လမ်း ကျောက်စီတာပေါင် တစ် နေရာတွင် အင်းရေမြင့်တက်လာပြီးနောက် ရေတိုက်စား၍ တစ်ညတည်းသုံးကြိမ်ခန့် ပြိုကျခဲ့သည်။

နောက်တစ်ရက်တွင်လည်း ဆက်လက်ပြိုကျခဲ့ပြီး ကျောက်စီတာပေါင်ရိုးသာ ပျက်စီးခဲ့သည်။ တောင်သမန်ကန်ပတ်လမ်းမှာမူ ပျက်စီးခြင်းမရှိခဲ့ကြောင်း အဆိုပါနေရာအနီးတွင် နေထိုင်သူ ဒေသခံများကပြောသည်။

‘‘ညတွင်းချင်း လာတော့ ပြင်တယ်။ သဲအိတ်တွေချတယ်။ ဒါ ပေမဲ့ အဲဒီလိုလုပ်နေရင်းနဲ့ကို ဆက်ပြီး ပြိုကျတာ။ နှစ်ညဆက် ပြိုတယ်’’ဟု ရွှေဂွမ်းထုပ်ရပ်ကွက်တွင် နေထိုင်သူ အမျိုးသားကြီး တစ်ဦးကပြောသည်။

ကန်ပေါင်တည်ဆောက်မှု အားနည်းချက်များလည်း ရှိနိုင်သည့်အပြင် ယင်းနေရာအနီးတွင် မြေများ လာရောက်တူးယူမှု ကြောင့်လည်း ရေတိုးချိန်တွင် ကန်ပေါင်အောက်ခြေသို့ ရေစိမ့်ဝင်ရောက်ကာ ပြိုကျပျက်စီးခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ခန့်မှန်းပြောကြားသည်။

ပျက်စီးသွားသည့်နေရာမှာ ပေ ၅၀ ခန့်ရှိနိုင်ပြီး သဲအိတ်ချ ခြင်း၊ မျောတိုင်များဖြင့် ကာရံခြင်း များပြုလုပ်ထားကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်းတံတားဌာနမှ ဌာနမှူး ဒေါ်ခင်မေဌေးက ပြော သည်။

‘‘ခုတော့ ကာကွယ်မှုတွေ လုပ်ထားတယ်။ ရေတက်နေ တော့ လောလောဆယ်ပြင်လို့ တော့ မရသေးဘူး။ ရေကျသွားတာနဲ့ ပြန်ပြင်မှာပါ’’ဟု ဌာနမှူး ကပြောသည်။

တောင်သမန်ကန်ပတ်လမ်းသည် တောင်သမန်အင်း အရှေ့ ဘက်နှင့် အနောက်ဘက်တွင် တည်ရှိပြီး ခုနစ်မိုင်ကျော် ရှည်လျားသည်။ ယင်းလမ်းကို မြေ သားလမ်းမှ ကတ္တရာလမ်းအဖြစ် ၂၀၁၂-၁၃ ခုနှစ်တွင် အဆင့်မြှင့် တင်ခဲ့ပြီး ကျပ်သိန်းပေါင်း ၁၈၀၀ ခန့်အသုံးပြုခဲ့သည်။ ကတ္တရာ လမ်းအဆင့်မြှင့်တင်ပြီးနောက် ကျောက်စီတာပေါင်ရိုးအဆင့် မြှင့်တင်ခြင်း၊ ရေတံခါးများ တည် ဆောက်ခြင်းများ ဆက်လက်ပြု လုပ်ခဲ့ကြောင်း သတင်းရရှိသည်။

7Day DAILY  , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment