Pages

Pages - Menu

Sunday, August 24, 2014

ဂျပန်နိုင်ငံ ဟီရိုရှီးမား မြေပြိုမှုကြောင့် သေဆုံးသူ အရေအတွက် (၄၂)ဦးထိ မြင့်တက်လာ


RangonNewsDaily:: August . 24 .2014
ယခုသီတင်းပတ် အစောပိုင်းက ဂျပန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မြေပြိုကျမှုများကြောင့် သေဆုံးသူ အရေအတွက်သည် (၄၂)ဦးထိ မြင့်တက်လာပြီ ဖြစ်သည်။
ဩဂုတ် (၂၃)ရက် နံနက်ပိုင်းတွင် ဟီရိုရှီးမား ရဲတပ်ဖွဲ့က သေဆုံးသူ အရေအတွက်ကို (၄၂)ဦးဟု အတည်ပြုခဲ့ခြင်း ဖြစ်သည်။ ဩဂုတ် (၂၀)က ဟီရိုရှီးမားတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်စောင်းနေရာအချို့ မြေပြိုကျခဲ့ရာ လူနေအိမ်ခြေ အဆောက်အအုံ အများအပြား ရွှံ့နွံများအောက် ရောက်ရှိသွားခဲ့သည်။ ဩဂုတ်(၂၃)ရက် နံနက်အစောပိုင်းတွင် မိုးရွာသွန်းမှု ရပ်ဆိုင်းသွားသည့်နောက် ကယ်ဆယ်ရေး လုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်လာနိုင်ရန် တာဝန်ရှိသူများက မျှော်လင့်နေသည်။

လတ်တလောတွင် မြေပြိုသည့် ဒေသ၌ ကယ်ဆယ်ရေး လုပ်သားများ၊ စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များ အင်အား(၃၀၀၀)ကျော်မျှဖြင့် ပိတ်မိနေသူများကို ဖြန့်ကျက် ရှာဖွေနေဆဲ ဖြစ်သည်။ ကယ်ဆယ်ရေးများက မြေအောက်တွင် အသက်ရှင်လျက်ဖြစ်စေ၊ သေဆုံး၍ဖြစ်စေ ပိတ်မိနေသူများ ရှိနေဦးမည်ဟု ယုံကြည်နေသည်။

မြို့အုပ်ချုပ်ရေး အဖွဲ့က နောက်ထပ် မြေပြိုမှုများ ဖြစ်ပေါ်နိုင်သည့် နေရာအချို့မှ ဒေသခံ (၄၅၀၀)ကျော်ကို အရေးပေါ် အစီအစဉ်များဖြင့် ရွှေ့ပြောင်းပေးခဲ့သည်။ မြေပြိုမှုများအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို အတိအကျ အဖြေထုတ်နိုင်ရန် ရှုပ်ထွေးနေဆဲဟုလည်း သိရသည်။

စက်ယန္တရားကြီးများ အသုံးပြုကာ အပျက်အစီးများကို ဖယ်ရှားနေသလို အချို့သော နေရာများတွင် မီးသတ်ဝန်ထမ်းများ၊ စစ်သားများက လက်ချည်းသက်သက်ဖြင့် ရွှံ့နွံချပ်များကို သယ်ထုတ်နေကြသည်။ ဩဂုတ် (၂၂)ရက်က အနီးတဝိုက်ရှိ တောင်ကုန်းများ ပုံသဏ္ဍန် ပြောင်းလဲလာသည်ကို သတိပြုမိသည့်နောက် အခြားမြေပြိုမှုများ ထပ်မံဖြစ်ပေါ်လာနိုင်သဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများကို ခေတ္တ ဆိုင်းငံ့ခဲ့ရကြောင်းလည်း သတင်းရရှိသည်။

Ref: Channelnewsasia ,7Day Daily , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment