Pages

Pages - Menu

Tuesday, July 8, 2014

UAE နိုင်ငံတွင် တည်ဆောက်မည့် ကမ္ဘာ့အကြီးမားဆုံး ဈေးဝယ်စင်တာကြီး


RangonNewsDaily:: July . 8 .2014
UAE နိုင်ငံ၊ ဒူဘိုင်းမြို့တွင် ကမ္ဘာ့အကြီးမားဆုံး ဈေးဝယ်စင်တာကြီးတစ်ခု တည်ဆောက်မည့် စီမံကိန်းကို အစပြု အကောင်အထည် ဖော်နေပြီ ဖြစ်သည်။
ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံဖြစ်သည့် Burj Khalifa မျှော်စင်ကို တည်ဆောက်ပြီးနောက် ဒူဘိုင်းတွင် နောက်ထပ် ထူးထူးခြားခြား ကမ္ဘာ့စံချိန်သစ် တင်နိုင်မည့် အဆောက်အအုံသစ် တစ်ခု ပိုင်ဆိုင်လာရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

Mall of the Worldဟု အမည်ပေးထားသည့် ဈေးဝယ်စင်တာကြီးသည် ဒူဘိုင်းမြို့တော် အလယ်မှ သီးခြားမြို့တော်ငယ် တစ်ခုသဖွယ် ဖြစ်တည်လာမည်ဟု သိရသည်။ ပူပြင်းလှသည့် ဒူဘိုင်းမြို့တွင် Air-Con များ တပ်ဆင်ပြီး အပူချိန် ထိန်းညှိထားသည့် ဈေးဝယ်စင်တာကြီးကို တည်ဆောက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။


ထိုစင်တာကြီးသည် မည်မျှကျယ်ပြန့်သည်ဆိုသော် အတွင်းထဲတွင် လမ်းများ၊ ဟိုတယ်ပေါင်း (၁၀၀)ကျော်နှင့် တိုက်ခန်းများအပြင် ကမ္ဘာ့အကြီးမားဆုံး အဆောက်အအုံတွင်း အပန်းဖြေဥယျာဉ် တစ်ခုပါ ပါရှိနေမည် ဖြစ်သည်။


စုစုပေါင်း စတုရန်းမီတာ (၄၈)သန်း ကျယ်ဝန်းမည့် ရည်မှန်းချက် ကြီးမားလှသော အဆောက်အအုံ စီမံကိန်းကြီးတွင် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု စင်တာများ၊ ဇာတ်ရုံများ အပါအဝင် ကွန်ရက်သဖွယ် ဖြန့်ကျက်ထားသည့် ဈေးဆိုင်တန်းလေးများပါ ထည့်သွင်းထားမည် ဖြစ်သည်။ 


အဆောက်အအုံအတွင်းရှိ Air-Con လွှတ်ကာ အအေးပေးထားသည့် လမ်းများသည် စုစုပေါင်း (၄)မိုင်ခွဲမျှ ရှည်လျားမည်ဟု ဆိုသည်။

ဒူဘိုင်း၏ နွေရာသီ အပူချိန်သည် (၅၀)ဒီဂရီ ဆဲလ်ဆီးရပ်စ်မျှထိ မြင့်မားနေလေ့ရှိရာ ကမ္ဘာလှည့် ခရီးသည်များကို ဆွဲဆောင်နိုင်မည့် အံ့ဩဘနန်း ဗိသုကာ ပညာရပ်မျိုးဖြင့် ယခုကဲ့သို့ ရာသီဥတု ထိန်းညှိထားသည့် စင်တာကြီးတစ်ခု တည်ဆောက်ရန် အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။


ဈေးဝယ်စင်တာ သက်သက်အတွက် စတုရန်းပေ (၈)သန်း ကျယ်ပြန့်မည်ဖြစ်ပြီး အခြားသော အဆောက်အအုံများ၊ ဖျော်ဖြေရေး ဝန်ဆောင်မှုများကိုပါ Mall of the World တွင် ထည့်သွင်းထားခြင်း ဖြစ်သည်။ နွေရာသီတွင် စင်တာကြီး တစ်ခုလုံးကို ဖန်ပေါင်းချောင် အမိုးဖြင့် အုပ်ဆိုင်းထားပြီး Air-Con လွှတ်ထားကာ ဆောင်းရာသီတွင်မူ အမိုးများကို ဖွင့်လှစ်ထားပြီး လာရောက်သူများ အနေဖြင့် လတ်ဆတ်သော လေကောင်းလေသန့် ရှူရှိုက်နိုင်အောင် စီစဉ်ပေးထားသည်။


UAE နိုင်ငံ ဒုတိယ သမ္မတဖြစ်သည့် ရှိတ်ခ်မိုဟာမက် ဘင်ရာရှစ်ဒ် အယ်လ်မက်တွမ်းက “ဒီပရောဂျက်က ဒူဘိုင်းကို ယဉ်ကျေးမှု၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းနဲ့ စီးပွားရေး အချက်အခြာ မြို့တော်ကြီးတစ်ခု ဖြစ်လာစေချင်တဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကို အစိတ်အပိုင်း တစ်ရပ်ကနေ အထောက်အပံ့ ပေးပါလိမ့်မယ်။ ပြီးတော့ ကျွန်တော်တို့ နိုင်ငံပတ်ဝန်းကျင်မှာ နေထိုင်တဲ့ လူပေါင်း(၂)ဘီလျံလောက်အတွက်လည်း ဒေသတွင်း အဆင့်မြှင့်တင်မှုဆိုင်ရာ အထောက်အပံ့ကောင်းတွေ ခံစားရရှိစေမှာပါ”ဟု ပြောကြားခဲ့သည်။


Mall of the World ကို လက်ရှိ ဖွင့်လှစ်ထားသော Mall of the Emirates အနီးတွင်ပင် ဆောက်လုပ်မည် ဖြစ်သည်။ အဆောက်အအုံတွင်း နှင်းလျှောစီး တောင်စောင်းတုများ ပါဝင်သည့် Mall of the Emirates သည်လည်း လက်ရှိ ကမ္ဘာပေါ်တွင် အကြီးမားဆုံး ဈေးဝယ်စင်တာကြီး တစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။


KOLATT(PBDN)

RangonNewsDaily


No comments:

Post a Comment