Pages

Pages - Menu

Monday, July 7, 2014

မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုများ ရပ်ကြရန် ဗုဒ္ဓဘာသာဝင်များအား ဘုန်းတော်ကြီး ဒလိုင်းလားမား ပန်ကြား

RangonNewsDaily:: July . 7 .2014
မြန်မာနိုင်ငံနှင့် သီရိလင်္ကာမှ ဗုဒ္ဓဘာသာဝင်များ အနေဖြင့် မူစလင်များအပေါ် ဆန့်ကျင်အကြမ်းဖက်မှုများ ရပ်တန့်ကြရန် ဘုန်းတော်ကြီး ဒလိုင်းလားမားက ဇူလိုင် ၆ရက်က ထပ်မံ မေတ္တာရပ်ခံခဲ့သည်။ သူ၏ အသက် ၇၉ နှစ်ပြည့် မွေးနေ့ အခမ်းအနား၌ သောင်းနှင့်ချီသော ပရိသတ်အား ပြောကြားခဲ့သည့် သြဝါဒ စကားထဲတွင်ထည့်သွင်းပန်ကြားခဲ့ခြင်း ဖြစ်သည်။
အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် ကျင်းပခဲ့သော မွေးနေ့ပွဲသို့ တက်ရောက်လာခဲ့ကြသူ ပရိသတ်များထဲတွင် ဟောလိဝု(ဒ်) ရုပ်ရှင်ကြယ်ပွင့် ရစ်ချတ်ဂီယာ (Richard Gere) လည်း ပါဝင်သည်။ ဗုဒ္ဓဘာသာဝင် အများစု ဖြစ်ကြသော ထိုနိုင်ငံနှစ်ခုလုံးတွင် လူနည်းစုမျာြး ဖစ်ကြသော မူစလင်များအား ပစ်မှတ်ထား၍ အကြမ်းဖက်ကြခြင်းမှာ လက်ခံနိုင်စရာ မရှိကြောင်း ဘုန်းတော်ကြီး ဒလိုင်းလားမားက မိန့်ကြားခဲ့သည်။

“အဲဒီနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ရာဇဝတ်မှု မကျူးလွန်မိသေးခင်မှာ ဗုဒ္ဓရဲ့ရုပ်ပုံတော်ကို အာရုံပြုကြဖို့ ပန်ကြားချင်ပါတယ်” ဟု တိဘက်၏ ပြည်ပရောက် စိတ်ပိုင်းဆိုင်ရာ ခေါင်းဆောင်က ဟိမဝန္တာ တောင်တန်းဒေသ လဲ (Leh) မြို့ဆင်ခြေဖုံးတွင် ပြုလုပ်သည့် အခမ်းအနားတွင် မိန့်ကြားခဲ့သည်။

“ဗုဒ္ဓဟာ မေတ္တာတရားနဲ့ ကရုဏာ တရားတွေကို ဟောကြားခဲ့တာပါ။ ဗုဒ္ဓသာ အဲဒီနေရာတွေမှာ ရှိမယ်ဆိုရင် ဗုဒ္ဓဘာသာဝင်တွေရဲ့ တိုက်ခိုက်မှုကို ခံရတဲ့ မူစလင်တွေကို ဗုဒ္ဓက အကာအကွယ်ပေးမှာပါ” ဟု ဒလိုင်းလားမားက မိန့်ကြားခဲ့သည်။ ဘုန်းတော်ကြီး ဒလိုင်းလားမားမှာ၊ တရုတ်အစိုးရ ဆန့်ကျင်ရေး ဆန့်ကျင်ဆန္ဒပြပွဲများ ကျရှုံးသွားခဲ့ပြီးနောက် ၁၉၅၉ ခုနှစ်တွင် တိဘက် မှ အိန္ဒိယသို့ ထွက်ပြေးခဲ့ရသော ခေါင်းဆောင်တစ်ဦး ဖြစ်သည်။

ဆွန်နီ မွတ်စလင် စစ်သွေးကြွများက အခြားမူစလင်များအပေါ် ဆန့်ကျင် အကြမ်းဖက် သတ်ဖြတ်မှုများနှင့် ပတ်သက်၍လည်း ထိတ်လန့် တုန်လှုပ်မိကြောင်း ဘုန်းတော်ကြီး ဒလိုင်းလားမားက မိန့်ကြားခဲ့သည်။ သို့ရာတွင် အီရတ်ကို တိုက်ရိုက်ရည်ညွှန်း ပြောကြားခြင်း မရှိခဲ့ပေ။ အီရတ်တွင် ဆွန်နီ စစ်သွေးကြွများသည် ဘဂ္ဂဒက်၏ မြောက်ဘက် နှင့် အနောက်ဘက်ရှိ နယ်မြေများကို သိမ်းပိုက်ထားကြသည်။

ရုပ်ရှင်ကြယ်ပွင့် ရစ်ချတ်ဂီယာသည် စင်မြင့်ပေါ်တွင် ဒလိုင်းလားမားနှင့် လက်ဆွဲနှုတ်ဆက်ခဲ့ကာ၊ ဒလိုင်းလားမား၏ သြဝါဒ စကားအား ကြားနားရန် စုဝေးရောက်ရှိလာခဲ့ကြသော ထောင်ပေါင်းများစွာသော နိုင်ငံတကာပရိသတ်များ ကိုယ်စား ခေါင်းဆောင် ဒလိုင်းလားမားအား ချီးကျူးခဲ့သည်။

မြန်မာနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြု ချီးကျူးခြင်း ခံခဲ့ရသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများအား ၂၀၁၂ ခုနှစ်ကတည်းက မကြာခဏ ဖြစ်ပွားခဲ့သော လူအုပ်စုလိုက် အကြမ်းဖက်မှု ဖြစ်ရပ်များက လွှမ်းမိုးသွားခဲ့သည်။ ထိုအကြမ်းဖက်မှုများမှာ အများအားဖြင့် မူစလင်များအား ပစ်မှတ်ထားကြခြင်း ဖြစ်ပြီး အနည်းဆုံး လူ ၂၅၀ ဦး သေဆုံးခဲ့ရသည်။

သီရိလင်္ကာ နိုင်ငံတွင်လည်း ပြီးခဲ့သည့်လအတွင်းက အကြမ်းဖက်မှု ဖြစ်ပွားခဲ့ရာ လူ လေးဦး သေဆုံးခဲ့ရပြီး ဆိုင်နှင့် အိမ်များ ရာပေါင်းများစွာ ဖျက်ဆီးခံခဲ့ရရာ၊ သီရိလင်္ကာနိုင်ငံ၌ ဆယ်စုနှစ် အနည်းငယ်အတွင်း အဆိုးဝါးဆုံးသော ဘာသာရေး အကြမ်းဖက်မှု တစ်ခု ဖြစ်သွားခဲ့သည်။

Mizzima - News , KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment