Pages

Pages - Menu

Wednesday, July 30, 2014

အူရီးဒူး ဆင်းမ်ကတ်များ မန္တလေးနှင့် နေပြည်တော်တွင် စတင် ရောင်းချပြီ

RangonNewsDaily:: July . 30 .2014
ပြည်တွင်း လိုင်စင်ရ ဆက်သွယ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သော အူရီးဒူး၏ ဆင်းမ်ကတ်များကို ဇူလိုင် ၂၉ ရက်တွင် နေပြည်တော်နှင့် မန္တလေးရှိ အရောင်းဆိုင် အချို့က စတင် ရောင်းချပေးနေသည်ဟု မိုဘိုင်းဆိုင်များနှင့် ကိုယ်တိုင် ဝယ်ယူခဲ့သူများက မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

ကုမ္ပဏီက အဆိုပါ ဆင်းမ်ကတ်များကို သြဂုတ်လ ၂ ရက်တွင် စတင် ရောင်းချနိုင်ရန် ကြိုတင် ချထားပေး ခြင်းဖြစ်ပြီး အချို့က ကတ်ရရှိသည့် အချိန်တွင် စတင် ရောင်းချခြင်းဖြစ်သည်ဟု အရောင်းဆိုင် အချို့က ဆိုသည်။ သို့သော်လည်း နေပြည်တော်နှင့် မန္တလေးရှိ အချို့ ဖုန်းဆိုင်များကမူ သြဂုတ် ၁ ရက်နှင့် ၂ ရက်မှသာ စတင် ရောင်းချမည်ဟု မဇ္ဈိမကို ပြောသည်။

ပျဉ်းမနားမြို့ ဒေသခံ မသီတာဝင်းက “ ကျွန်မ အခုပဲဒီပျဉ်းမနားက ဖုန်းဆိုင်တစ်ဆိုင်က ဝယ်လာတာ၊ အခုချက်ချင်း ဖုန်းဆက် လို့ရတယ်၊ အင်တာနက်လည်း သုံးလို့ရတယ်” ဟု မဇ္ဈိမကိုပြောသည်။

သပြေကုန်းဈေး ပွဲရုံတန်းရှိ ဖုန်းဆိုင်တစ်ဆိုင်မှ ဝယ်ယူခဲ့သူတစ်ဦးကလည်း တစ်ဦးလျှင် ဖုန်းဆင်းမ်ကဒ် နှစ်ဆယ်ခုထိ ဝယ်ယူနိုင် သည်ဟု မဇ္ဈိမကို ပြောသည်။

နေပြည်တော်၊ သပြေကုန်းဈေး ပွဲရုံတန်းရှိ Mobie Mania ဆိုင်မှ မန်နေဂျာဒေါ်အေးအေးသင်းက “သြဂုတ်လ ၁ ရက်နေ့မှာ အူရီဒူးဖုန်းဆင်းမ်ကတ် တခုကို ၁၅ဝဝ ကျပ်နဲ့ စတင်ရောင်းချပေးမှာပါ၊ ပတ်စ်ပို့ ဓါတ်ပုံတစ်ပုံနဲ့ မှတ်ပုံတင် မိတ္တူပေးရပါမယ်၊ ကိုယ်ရေးအချက်အလက် ဖြည့်ပေးရပါမယ်” ဟု မဇ္ဈိမကို ပြောသည်။

အော်ရီဒူး ကုမ္ပဏီက ၎င်းနှင့် စာချုပ်ချုပ်ဆိုထားသော မန္တလေးမြို့ရှိ ကိုယ်စားလှယ်ဖုန်းဆိုင်များကို ဇူလိုင်လ ၂၉ ရက်တွင် ရွှေပြည်သာဟိုတယ်၌ ရွှေရောင်အဆင့် (Gold Member ) ဆိုင်များကို တစ်ဆိုင်လျှင် ကဒ် ၈ဝဝ၊ ငွေရောင်အဆင့် (Silver Member) ဆိုင်များကို တစ်ဆိုင်လျှင် ကဒ် ၄ဝဝ ချထားပေးခဲ့ခြင်းဖြစ်သည်ဟု မန္တလေးမြို့ရှိ ဖုန်းဆိုင်များက ဆိုသည်။

ယင်းကုမ္ပဏီနှင့် ချိတ်ဆက်ထားသော ဖုန်းအရောင်းဆိုင်များအား ရွှေ၊ ငွေ၊ ကြေး ဟူသော အဆင့်သုံးဆင့်ခွဲ ထားပြီး ရွှေအဆင့် သတ်မှတ်ခံရသော ဆိုင်များသည် အခြားဆက်သွယ်ရေးကုမ္ပဏီများ၏ Sim Card ရောင်းချခွင့် မရှိကြောင်းလည်း ဖုန်းဆိုင်များမှ စုံစမ်းသိရသည်။

မန္တလေးမြို့ရှိ Mobile Mother ဖုန်းဆိုင်ပိုင်ရှင် ကိုသက်ပိုင်က “ အော်ရီဒူး ကဒ်တွေကို သွားထုတ်ခဲ့ပါတယ်။ ဒီနေ့ (ဇူလိုင်လ ၂၉ ရက် ) မှာ စမရောင်းသေးပါဘူး။ သြဂုတ်လ ၂ရက်နေ့ စတင်ရောင်းချမှာ ဖြစ်ပါတယ် “ ဟု ဆိုသည်။

မန္တလေးမြို့ ၃၅လမ်း၊ ၈၂×၈၃ လမ်းကြားရှိ ရှမ်းမင်းသား ဖုန်းနှင့် ဖုန်းအပိုပစ္စည်းဆိုင်တွင်မူ ဇူလိုင်လ ၂၉ ရက်နေ့လည် နှစ်နာရီတွင် စတင်ရောင်းချပေးခဲ့သည်ဟု ယင်းဆိုင်ပိုင်ရှင်ထံမှ သိရသည်။

အဆိုပါ ဆိုင်ပိုင်ရှင်က “ နေ့လည်နှစ်နာရီကမှ စရောင်းတာ တစ်နာရီတောင်မပြည့်သေးဘူး။ ကဒ်ရှစ်ရာကုန်သွားပြီ၊ အစပိုင်းတုန်းက လိုသလောက်ရောင်းပေးပေမဲ့ ဝယ်သူအရမ်းများလာလို့ လူတစ်ဦးကို မှတ်ပုံတင် မိတ္တူတစ်စောင်နဲ့ တစ်ကဒ်စီပဲ ရောင်းပေးတော့တယ်“ ဟု ဆိုသည်။

ချထားပေးသည့် အော်ရီဒူးဖုန်းဆင်းကဒ်များသည် GSM Network ကဒ်များဖြစ်ပြီး ကဒ်စတင် ရောင်းချပေးချိန်မှ သြဂုတ်လ ၁၅ ရက်အထိ အော်ရီဒူး ဖုန်းဆင်းကဒ်အချင်းချင်း ဖုန်းခေါ်ဆိုမှုကို မိနစ် ကိုးရာ၊ မက်ဆေ့စ် အစောင်ရေ ကိုးရာ နှင့် မြန်မာ့ဆက်သွယ်ရေး ဖုန်းသို့ ဖုန်းခေါ်ဆိုမှုအတွက် မိနစ်ကိုးဆယ်၊ စာတို (မက်ဆေ့) အစောင်ရေ ကိုးဆယ်တို့ကို အခမဲ့ အသုံးပြုခွင့်ပေးထားသည့်အပြင် နေ့စဉ် အင်တာနက်အသုံးပြုရန် ၂ဝ မက်ဂါဗိုက်ကိုလည်း အခမဲ့သုံးစွဲနိုင်မည်ဖြစ်ကြောင်း ရှမ်းမင်းသားဖုန်းဆိုင်တွင် ကြေညာထားသည်။

သြဂုတ်လ ၁၅ ရက်နောက်ပိုင်းတွင်မူ အော်ရီဒူး အချင်းချင်း ဆက်သွယ်မှု အတွက် တစ်မိနစ်လျှင် ကျပ် ၂၅၊ မြန်မာ့ဆက်သွယ်ရေးကဒ်များနှင့် ဆက်သွယ်ပါက ၃၅ ကျပ်၊ စာတို (မက်ဆေ့) တစ်စောင် အတွက် ၂၅ ကျပ် ကျသင့်မည်ဟု နန်းရှေ့ရှိ OK ဖုန်းဆိုင်ပိုင်ရှင်က ဆိုသည်။

ဖုန်းငွေဖြည့်ကဒ်များအနေဖြင့် တစ်ထောင်ကျပ်၊ သုံးထောင်ကျပ်၊ ငါးထောင်ကျပ်၊ တစ်သောင်းကျပ်နှင့် နှစ်သောင်းကျပ် တန်များ ထုတ်ပေးရန်ရှိသော်လည်း ယခုအကြိမ်မှာမူ ငါးထောင်ကျပ်တန် ဖုန်းငွေဖြည့် ကဒ်များကို ဆယ်သိန်းဖိုး ဝယ်ယူနိုင်ပြီး ထပ်မံလိုအပ်မည်ဖြစ်ပါက အော်ဒါမှာယူရမည် ဖြစ်သည်ဟု ဖုန်းဆိုင်များက ဆိုသည်။

မန္တလေးတွင်မူ ဖုန်းကတ် ဝယ်ယူသူများသောကြောင့် ဈေးမြင့်တက်လာပြီး ၄၄ လမ်းရှိ မိုဘိုင်းဖုန်းဆိုင် တစ်ဆိုင်တွင်မူ ဖုန်းကတ်တစ်ကတ်လျှင် ကျပ် ၅ဝဝဝ အထိ ဈေးမြင့်သွားခဲ့သည်ဟု ဝယ်ယူရန် စုံစမ်းသူများထံက သိရသည်။ အဆိုပါကတ်ဖြင့် အင်တာနက်လိုင်း အသုံးပြုရခြင်းမှာ ယခင်ထက်ပိုမိုကောင်းမွန်ပြီး ယခင်က ဖွင့်ရန် ခက်ခဲသည့် youtbe website ကိုပင်ကြည့်ရှုနိုင်ကာ ဖုန်းလိုင်းမှာလည်း ကောင်းမွန်သည်ဟု အသုံးပြုသူများက ဆိုသည်။

မန္တလေး သတင်းအဖွဲ့
မဇ္ဈိမ , KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment