Pages

Pages - Menu

Monday, July 21, 2014

ကွမ်းခြံကုန်း သောင်ခုံကျေးရွာမှာ လေဆင်နှာမောင်းတိုက်၊ တစ်ဦးသေ၊ ပျက်စီးမှုများပြား

RangonNewsDaily:: July . 21 .2014
“ဝေါဆိုတဲ့ အသံကြီး ကြားလိုက်ချိန် ရန်ကုန်မြစ်ဝဘက်ကို မျက်နှာမူ ဆောက်ထားတဲ့ ဝါးအိမ် ၁၀ လုံးက လေဆင်နှာမောင်းထဲမှာ ပျောက်ထွက်သွားတာ” လို့ ကွမ်းခြံကုန်းမြို့နယ်၊ သောင်ခုံကျေးရွာမှာ လေဆင်နှာမောင်း တိုက်တဲ့ အခြေအနေကို ကျေးရွာအုပ်ချပ်ရေးမှူးက ပြောပြပါတယ်။
ကွမ်းခြံကုန်းမြို့နယ်၊ သောင်ခုံကျေးရွာမှာ ဇူလိုင်လ ၁၉ ရက် ည ၁၁ နာရီခန့်က လေဆင်နှာမောင်း တိုက်ခတ်လို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီးတော့ နေအိမ်တွေ လွင့်ပါသွားပါတယ်။

အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ သောင်းခုံကျေးရွာမှာ လေဆင်နှာမောင်း တိုက်ခတ်တဲ့ အတွက် ရွာအရှေ့ဘက်မှာရှိတဲ့ နေအိမ် ၁၀ လုံးမှာ လေဆင်နှာမောင်းနဲ့ အတူလွင့်ပါ ပျောက်ဆုံးခဲ့ပါတယ်။ တိုက်အိမ် ၁၃ လုံးလည်း ပြိုကျခဲ့ပါတယ်။ သစ်သားအိမ် ၁၅လုံးကတော့ အမိုးလန်ပျက်စီးခဲ့တယ်လို့ သောင်ခုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှထွန်းဦးက ပြောပါတယ်။


“လေဆင်နှာမောင်းထဲ အိမ်တွေနဲ့ အတူပါသွားတဲ့ လူတွေထဲက တစ်ယောက်က သေပြီး ကျန်တဲ့သူတွေက ကျိုးပဲ့ပြီး ဒဏ်ရာရကုန်တယ်” လို့ သူက ဆက်ပြောပါတယ်။

လေဆင်နှာမောင်း မတိုက်ခင်မှာ မိုးတွေ အရမ်းရွာပြီးတော့ လေးတွေ အရမ်းတိုက်ခဲ့ပါတယ်။
လေဆင်နှာမောင်း ဆယ်မိနစ်ခန့်ကြာ တိုက်ခတ်ခဲ့ပါတယ်။ နေအိမ်နဲ့အတူ ပါသွားတဲ့ အထဲက အသက် ၅၉ နှစ်အရွယ် ဒေါ်အေးမှာ သေဆုံးခဲ့ပါတယ်။ လူ ၂၀ ခန့်ကတော့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ လေဆင်နှာမောင်းနဲ့ ပါသွားလို့ လက်ကျိုးခဲ့တဲ့ အသက် ၅၃ အရွယ် ဦးထွန်းကြည်က ရှင်းပြပါတယ်။


နေအိမ်ပြိုပျက်ခဲ့တဲ့ အိမ်ထောင်စု ၃၈စုကနေ လူဦးရေ တစ်ရာကျော်ကို ကျေးရွာဘုန်းကြီးကျောင်း ဖြစ်တဲ့ အောင်မင်္ဂလာ ဘုန်းကြီးကျောင်းမှာ ယာယီခိုလှုံခွင့် ပေးထားပါတယ်။

ကွမ်းခြံကုန်းမြို့နယ်ရဲ့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတွေက အကူအညီပေးနေကြတယ်လို့ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ မီးသတ်အရာရှိ တစ်ဦးက ပြောပါတယ်။


လေဆင်နှာမောင်း တိုက်ခတ်လို့ ထိခိုက်ဒဏ်ရာ ရရှိသူတွေ၊ လေးဘေးသင့် ပြည်သူတွေကို ကူညီမယ်ဆိုရင် ၀၉ ၄၂၀၂၂၅၅၅၂ နဲ့ ၀၉ ၇၃၂၅၃၃၅၂ တို့ကို ဆက်သွယ်နိုင်တယ်လို့ သောင်ခုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှထွန်းဦးက ဆိုပါတယ်။

The Voice , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment