Pages

Pages - Menu

Monday, June 9, 2014

ဖွဲ့စည်းပုံပြင်ဆင်ရေးသည် NLD အတွက် မဟုတ်ဘဲ ပြည်သူလူထု၏ သြဇာလွှမ်းမိုးစေလိုခြင်းကြောင့်သာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


RangonNewsDaily: June . 9 .2014
၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကြိုးပမ်းမှုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အတွက် မဟုတ်ဘဲ ပြည်သူလူထု၏ ဩဇာလွှမ်းမိုးရေးအတွက်သာဖြစ်သည်ဟု NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၇ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့် တတိယအကြိမ် NLD ဗဟိုကော်မတီအစည်းအဝေးတွင် ပြောကြားသည်။
ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ လူအချို့က ယင်းမှာ ၎င်းတို့ပါတီတစ်ခုတည်း၏ အကျိုးကိုကြည့်ပြီး လုပ်နေသည်ဟု စွပ်စွဲကြသည်မှာ စဉ်းစားစရာကောင်းကြောင်း၊ ယင်းကဲ့သို့ စွပ်စွဲနေသည့်သူများမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ခြင်းအားဖြင့် NLD ပါတီ ၂ဝ၁၅ ရွေးကောက်ပွဲတွင် နိုင်မည်ဟု တွက်နေကြကြောင်း၊ ယင်းကဲ့သို့ပြောသူများအား မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ ထင်သည်ကို မေးခွန်းထုတ်လိုပြီး ၎င်းတို့ကမူ ပြည်သူလူထု ပိုမိုလွတ်လပ်စွာ ရွေးချယ်စေလိုခြင်းကြောင့်သာ ပြင်ဆင်နိုင်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

၎င်းက“ဒီဖွဲ့စည်းပုံအခြေခံဥပဒေပြု ပြင်ပြောင်းလဲလိုက်ခြင်းအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂ဝ၁၅ ရွေးကောက်ပွဲမှာ အောင်မယ်လို့ ဘာဖြစ်လို့တွက်သလဲ။ ဘာဖြစ်လို့ အဲသလိုထင်သလဲဆိုရင် အဲဒီအကြောင်းပြချက်တွေက အင်မတန် စိတ်ဝင်စားစရာကောင်းမှာပါ။

ဒီဟာက ပြည်သူလူထုအနေနဲ့ ပိုပြီးတော့ကြိုက်ရာကို လွတ်လွတ်လပ်လပ်ရွေးချယ်နိုင်အောင်လို့ ကျွန်မတို့က ပြုပြင်ပြောင်းလဲချင်တာ။ တကယ့် ပြည်သူလူထုရဲ့ ဩဇာလွှမ်းမိုးစေချင်လို့။ ပြည်သူလူထုရဲ့ဩဇာလွှမ်းမိုးသွားလို့ရှိရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂ဝ၁၅ မှာ နိုင်မယ်လို့များ ဒီလိုမြင်ကြသလား။ 

တကယ်တော့ ဘယ်သူပဲနိုင်နိုင် အဓိကကပြည်သူလူထုရဲ့ ဩဇာလွှမ်းမိုးဖို့ပဲ။ ပြည်သူလူထု ဩဇာလွှမ်းမိုးဖို့ ကျွန်မတို့လုပ်နေတဲ့ကိစ္စကို အဖွဲ့ချုပ်နိုင်ဖို့ လုပ်နေတယ်ဆိုလို့ရှိရင် အဖွဲ့ချုပ်ကို ဘာဖြစ်လို့နိုင်မယ်လို့ တွက်ထားလဲဆိုတာကို အဲဒါကို ကျွန်မမေးချင်တယ်” ဟု ပြောကြားသည်။

မည်သည့် ရွေးကောက်ပွဲဖြစ်စေ၊ မည်သည့် လှုပ်ရှားမှုပဲဖြစ်စေ အဓိကကျသည်မှာ ပြည်သူလူထုနှင့် ဆက်ဆံရေးသာ ဖြစ်ကြောင်း၊ ပြည်သူလူထုကို လှည့်ဖြားသည့် ဆက်ဆံရေးမျိုးမှာ မည်သည့်အခါမျှ မရှိရကြောင်း၊ NLD အနေဖြင့် ယင်းအတွက် လိပ်ပြာသန့်ပြီး မည်သည့်အခါကမျှ ပြည်သူလူထုကို မလှည့်ဖြားခဲ့ကြောင်း၊ နိုင်ငံအပေါ် စေတနာထားရန် အရေးကြီးကြောင်းနှင့် စေတနာရှိသည်ဆိုပါက ဒီမိုကရေစီစနစ် အမြစ်တွယ်အောင်လုပ်ရန် တာဝန်ရှိကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“နိုင်ငံအပေါ်ထားတဲ့ စေတနာဆိုတာကတော့ အရေးအကြီးဆုံးပါပဲ။ ဒီမိုကရေစီစနစ် အောင်မြင်စေချင်တာ ကျွန်မတို့နိုင်ငံကို တိုးတက်စေချင်လို့ပဲ ဖြစ်ပါတယ်။ ကမ္ဘာ့သမိုင်းကနေ ဒါကို သက်သေထူနေပါတယ်။ ဒီမိုကရေစီစနစ်ဟာ ခြောက်ပစ်ကင်းသဲလဲစင် မဟုတ်သော်လည်း ပြည်သူအများစုကို အကျိုးပြုတဲ့စနစ်တစ်ခု ဖြစ်တယ်ဆိုတာ ငြင်းလို့မရပါဘူး။ 


ဒါကြောင့်မို့ ကျွန်မတို့ဟာ ဒီမိုကရေစီစနစ်ကို သေသေချာချာ အမြစ်တွယ်သွားစေချင်တာ ဖြစ်ပါတယ်။ ကျွန်မတို့ နိုင်ငံကို စေတနာရှိရင် ကျွန်မတို့နိုင်ငံမှာ ဒီမိုကရေစီစနစ်အမြစ်တွယ်သွားအောင် ကြိုးစားဖို့တာဝန်ရှိပါတယ်” ဟု ၎င်းက ပြောကြားသည်။

NLD အနေဖြင့် လက်ရှိတွင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ အရေးကြီးပုဒ်မများ ပြင်ဆင်ရာတွင် အခက်အခဲဖြစ်နေသည့် ပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင်ရေးကြိုးပမ်းမှုများ ဆက်တိုက်ပြုလုပ်နေသည်။ ယင်းသို့ လုပ်ဆောင်ရာတွင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် ပူးပေါင်းကာ နိုင်ငံအနှံ့ဟောပြောပွဲများ ပြုလုပ်ခြင်း၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအပေါ် ပြည်သူလူထုသဘောထားလက်မှတ် ကောက်ယူခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

Eleven Media , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment