Pages

Pages - Menu

Wednesday, June 25, 2014

ဖမ်းဆီးမှုများကြောင့် သစ်မှောင်ခို သယ်ဆောင်မှု တစ်လခန့် ရပ်တန့်


RangonNewsDaily:: June . 25 .2014
ဟင်္သာတခရိုင် အတွင်းရှိ သစ်တောကြိုးဝိုင်းများမှ ကျွန်း၊ ပျဉ်းကတိုးနှင့် အခြားသားသစ်များကို ခုတ်လှဲ ခိုးထုတ် တရားမဝင် သယ်ဆောင်လျက်ရှိသည့် လမ်းကြောင်းများတွင် မေလ နောက်ဆုံးပတ်မှ စတင်ကာ ခရိုင်နှင့် မြို့နယ် သစ်တောဦးစီးဌာနတို့က ပူးပေါင်း ဖမ်းဆီးခဲ့သောကြောင့် သစ်မှောင်ခို သယ်ဆောင်မှုများ တစ်လခန့် ရပ်တန့်ခဲ့ကြောင်း သစ်ကုန်သည်များက ပြောကြားသည်။
မြန်အောင်မြို့နယ် ဘန့်ဘွေးကုန်းရွာ၌ တရားမဝင်သစ်များ တင်ဆောင်လာသည့် ၁၂ ဘီး ကုန်တင်ယာဉ် တစ်စီးကို မေလ ၂၁ ရက်နေ့ ညနေပိုင်းက ဖမ်းမိရာ ယင်းကားပေါ်၌ ပျဉ်းကတိုးခွဲသား ခြောက်တန်ကျော်နှင့် ကျွန်းတံခါးရွက် နှစ်တန်ကျော်ကို သစ်တောဦးစီးဌာနက ဖမ်းဆီးခဲ့ပြီး နောက်ပိုင်း ထိုသို့ ရပ်တန့်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

မြန်အောင်မြို့နယ် ကြံခင်းမြို့နယ်၊ လေးမျက်နှာမြို့နယ်တို့မှ ပျဉ်းကတိုးသစ်၊ ကျွန်းသစ်၊ အခြားသားသစ်မျိုးစုံကို သစ်ကုန်သည်ဦးရေ ၃၀ ကျော်က ညစဉ် သစ်တန် ၁၀၀ ဝန်းကျင် ခုတ်လှဲ ခိုးထုတ်ကာ ကုန်တင်ယာဉ်ကြီးများဖြင့် သယ်ဆောင်မှုများ မတွေ့ရတော့သည်မှာ တစ်လနီးပါး ကြာပြီဖြစ်ကြောင်း သစ်ထုတ်လုပ်ကွက်များနှင့် အနီးဆုံးတွင် နေထိုင်သည့် ဒေသခံများက ပြောကြားသည်။

သစ်မှောင်ခို လုပ်ကိုင်သူများ အချင်းချင်း မသင့်မြတ်မှုကြောင့် ကုန်သည်တစ်ဦး မှောင်ခိုထွက်ပါက အခြား မှောင်ခိုကုန်သည် တစ်ဦးက သတင်းပေး တိုင်ကြားခြင်းများကြောင့် သစ်မှောင်ခိုလုပ်ငန်း ရပ်တန့်ခဲ့ခြင်း ဖြစ်ကြောင်း ကွင်းကောက်ဒေသက သစ်လုပ်ငန်း အတွေ့အကြုံ ရှိသည့် ဦးစိန်ဝင်းမောင်က ရှင်းပြသည်။

ယင်းသို့ တရားမဝင်သစ်များ ဖမ်းဆီးသည့် အခြေအနေများနှင့် ပတ်သက်၍ ဟင်္သာတခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးရုံးသို့ သွားရောက်မေးမြန်းခဲ့ရာ လက်ထောက် ညွှန်ကြားရေးမှူး တာဝန်ဖြင့် ခရီးသွားလျက် ရှိသောကြောင့် ဖြေကြားပေးရန် အဆင်မပြေကြောင်း အရာထမ်းတစ်ဦးက ပြောကြားသည်။ 

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ဖမ်းဆီးရမိ သစ်များတွင် ပိုင်ရှင်မဲ့ ကျွန်းသစ်လုံး ၁၂၆ လုံး၊ ကျွန်းခွဲသား ၁၆ ချောင်း၊ ပျဉ်ကတိုးသစ်လုံး ၇၀ လုံး၊ ပျဉ်းကတိုး ခွဲသား ၂၉၇ ချောင်း၊ အခြားသားသစ်လုံး ၁၆၈ လုံး၊ အခြားခွဲသား ၁၄၆ ချောင်း အပါအဝင် တရားမဝင်သစ် (၁၃၈ ဒသမ ၁၄၁၄) တန် ဖမ်းဆီးနိုင်ခဲ့ရာ သယ်ဆောင်ရာတွင် အသုံးပြုသည့် မော်တော်ယာဉ် ခြောက်စီး၊ ထော်လာဂျီ သုံးစီး ဖမ်းမိခဲ့ရာ အမှုပေါင်း ၁၃၇ ခုအတွက် တရားခံ၂၇ ဦးရှိကြောင်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း တရားမဝင် သစ်တန် ၁၃၀ ကျော် ဖမ်းဆီးရမိခဲ့ပြီး မော်တော်ယာဉ် သုံးစီး၊ ထော်လာဂျီ တစ်စီး ဖမ်းမိခဲ့ရာ အမှုပေါင်း ၁၁၅ ခုအတွက် တရားခံဦးရေ ၂၃ ဦးကို သစ်တောဥပဒေအတိုင်း အရေယူခဲ့ကြောင်း ဟင်္သာတခရိုင် သစ်တောဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

The Voice Weekly , KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment