Pages

Pages - Menu

Wednesday, June 18, 2014

မိတ္ထီလာပဋိပက္ခ အခြေခံရိုက်ကူးသည့် ဇာတ်ကား ရုပ်ရှင်ပွဲတော်တွင် ပြမည့် အစီအစဉ် ဖျက်သိမ်း

RangonNewsDaily:: June . 18 .2014
မိတ္ထီလာမြို့တွင် ဖြစ်ပွားသော လူပေါင်း ၄၀ ကျော် သေဆုံးခဲ့သည့် ပဋိပက္ခကို အခြေခံကာ ရိုက်ကူးထားသည့် “အမိုးမရှိတဲ့ ကောင်းကင်” အမည်ရ ဇာတ်ကားကို လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်၌ ပြသမည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း အဆိုပါပွဲတော်ကို စီစဉ်ကျင်းပသူ ဦးမင်းထင်ကိုကိုကြီးက ပြောကြားသည်။
“အမိုးမရှိတဲ့ ကောင်းကင် (The Open Sky)” ဇာတ်ကားကို ပြသ လိုက်ပါက မြန်မာနိုင်ငံတွင် မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပွားလာမည်ကို စိုးရိမ်သဖြင့် ရုပ်ရှင်ပွဲတော်တွင် ပြသမည့် အစီအစဉ် ဖျက်သိမ်း လိုက်ခြင်း ဖြစ်ကြောင်း၊ ဘာသာမတူ၊ လူမျိုးမတူသူများကြား ပြဿနာဖန်တီးရန် ရုပ်ရှင်ပွဲတော်ကို ကျင်းပခြင်း မဟုတ်ကြောင်း ၎င်းကဆိုသည်။

ယင်းဇာတ်ကားကို ဇွန်လ ၁၆ ရက်နေ့တွင် ဝဇီရာ ရုပ်ရှင်ရုံနှင့် ဇွန်လ ၁၇ ရက်နေ့တွင် Junction Square ရုပ်ရှင်ရုံတွင် ပြသရန် စီစဉ်ထားခြင်း ဖြစ်သည်။
::
အဆိုပါ ဇာတ်ကားကို မိတ္ထီလာတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွင်း ဘာသာမတူသည့် အမျိုးသမီးနှစ်ဦး၏ တစ်ဦးအပေါ် တစ်ဦးကူညီမှု၊ စောင့်ရှောက်မှု၊ ချစ်ခင်မှုစသည့် ချစ်ခြင်းမေတ္တာတရားကို အခြေခံရိုက်ကူးထားခြင်း ဖြစ်သော်လည်း ဇာတ်လမ်းကို မပြသမီ ခြိမ်းခြောက်မှုများ ရှိလာကြောင်း ဦးမင်းထင်ကိုကိုကြီးက ဆိုသည်။
“အင်မတန်ကို စိတ်မကောင်းစွာနဲ့ ဖျက်သိမ်းလိုက်ရတယ်” ဟု ၎င်းက ရင်ဖွင့်သည်။

မိတ္ထီလာတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် အစ္စလာမ်ဘာသာဝင်များ အကြမ်းဖက်ခံရမှုကို အသားပေး ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်ပြီး ဗုဒ္ဓဘာသာ သံဃာတော်တစ်ပါး အကြမ်းဖက်ခံရမှုများကို ထည့်သွင်းမှု မရှိခြင်း၊ ဗုဒ္ဓဘာသာကို အကြမ်းဖက်အဖြစ် ပုံဖော်သည်ဟု ဆိုကာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာများတွင် ဝေဖန်ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြသည်။
::
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဦးမင်းထင်ကိုကိုကြီးက “ဒီရုပ်ရှင်ကို ကြည့်ပြီးမှ တစ်ခုခု ပြောကြတာမျိုးပဲ ဖြစ်သင့်တာပေါ့။ အခုက မကြည့်ရဘဲနဲ့ ပြောနေကြတာ ဆိုတော့ ပြောရတာ ခက်ပါတယ်။ ကိုယ်ကလည်း ရုပ်ရှင်ကို မပြရဘဲနဲ့ ပြောမနေတော့ပါဘူး” ဟု ဆိုသည်။

၎င်းကို သတ်မည်ဟု လူမှုကွန်ရက် စာမျက်နှာများတွင် ခြိမ်းခြောက်မှုများ ရှိလာပြီး ရုပ်ရှင်ပွဲတော် ကျင်းပခွင့် ပြုထားသည့် ရုပ်ရှင်ရုံများကိုလည်း မီးရှို့မည်ဟု ရုပ်ရှင်ရုံ ပိုင်ရှင်များကို ခြိမ်းခြောက်မှုများ ရှိလာသဖြင့် ပိုင်ရှင်များက စိုးရိမ်နေကြောင်း ဦးမင်းထင်ကိုကိုကြီးက ရှင်းပြသည်။
::
ပြသချိန် မိနစ် ၂၀ ကြာမြင့်သည့် “အမိုးမရှိတဲ့ ကောင်းကင်” ဇာတ်ကားကို ယခုရုပ်ရှင်ပွဲတော်တွင် ပြသမည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်သော်လည်း ယင်းဇာတ်ကားကို မည်သို့ ဆက်လက် လုပ်ဆောင်မည်ကို ပြောဆို၍ မရသေးကြောင်း ၎င်းက ပြောကြားသည်။

“အမိုးမရှိတဲ့ ကောင်းကင်” ဇာတ်ကားကို ဖြိုးဇေယျာကျော်၊ ကြယ်ရီလင်းစစ်၊ လင်းစက်နွယ် ဆိုသည့် လူငယ်သုံးဦးက ဖန်တီးထားခြင်း ဖြစ်သည်။
::
နိုင်ငံပေါင်း ၂၄ နိုင်ငံက ဇာတ်ကားပေါင်း ၆၇ ကား ပါဝင်ပြသည်သည့် လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ဇွန်လ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပလျက်ရှိသည်။

The Voice ::--KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment