Pages

Pages - Menu

Monday, May 26, 2014

ရည်းစားကိစ္စဖြင့် အုပ်စုဖွဲ့ရိုက်နှက်မှု လူငယ်တစ်ဦးသေဆုံး

RangonNewsDaily: May . 26 .2014
အရက်အတူထိုင်သောက်ရင်း ရည်းစားကိစ္စဖြင့် စကားများရာမှ အုပ်စုဖွဲ့ရိုက်နှက်မှုကြောင့် လူငယ်တစ်ဦး သေဆုံးသွားသော ဖြစ်စဉ်တစ်ခု မေ ၂၃ရက်၊ ည ၁၁ နာရီဝန်းကျင်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲ တပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။
တောင်ဒဂုံမြို့နယ်တွင် နေထိုင်သူ မောင်ရှိုင်းထက်(၁၉)နှစ်သည် သင်္ဃန်းကျွန်းမြို့နယ်နေထိုင်သူ ချစ်ကို (၂၀)နှစ် အပါအ၀င် လူငါးဦးဖြင့် ပင်လုံခုံးတံတားအနီးတွင် အရက်အတူသောက်နေရာ ရည်းစားကိစ္စဖြင့် စကားများရန်ဖြစ်ခဲ့ကြပြီး ချစ်ကို အပါအ၀င် လူငါးဦးက သံပိုက်လုံးဖြင့် ၀ိုင်းဝန်း ရိုက်နှက်ခဲ့ကြသည်ဟု မြောက်ဒဂုံမြို့နယ်ရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်း တစ်ဦးက ပြောသည်။

“ဟိုအဖွဲ့က ရိုက်ပြီးထားခဲ့တာ။ သေတဲ့ကောင်လေးရဲ့ ညီဝမ်းခွဲက သတိလစ်ပြီး လဲနေတာတွေ့လို့ ခေါ်ပြီး ဆေးရုံပို့တဲ့အချိန်မှာ သေသွားတာ။ ဖြစ်တာက ပင်လုံတံတားထိပ်နားက ဘုရင့်နောင်လမ်းနဲ့ ရှုခင်းသာ လမ်းထောင့်မှာ ဖြစ်တာ” ဟု ဆိုသည်။


ရိုက်နှက်မှုကြောင့် မောင်ရှိုင်းထက်တွင် ဦးခေါင်း၊ နောက်စေ့ ပေါက်ပြဲဒဏ်ရာနှင့် ၀ဲ၊ ယာခြေထောက် ပေါက်ပြဲ ဒဏ်ရာများရရှိပြီး သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခြင်း ဖြစ်သည်။


အဆိုပါဖြစ်စဉ်နှင့် ပက်သက်၍ လူသေဆုံးသည်အထိ ရိုက်နှက်ခဲ့ကြသည့် ချစ်ကို အပါအ၀င် လေးဦးကို အရေးယူပေးပါရန် သေဆုံးသူနှင့် အဖိုးတော်စပ်သူ ဦးကျော်တင့်၏ တရားလိုပြု တိုင်တန်းချက်ကို ဒဂုံ မြောက်မြို့မရဲစခန်းက (ပ)၂၇၅/၁၄၊ ပြစ်မှု ပုဒ်မ ၃၀၂/၃၂၅/၁၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူများကို စစ်ဆေးလျက် ရှိသည်။


ယခုလ ၁၀ ရက်ကလည်း
 လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းတံတားအဆင်းတွင် လူ ခြောက်ဦးက ၀ိုင်းဝန်း ရိုက်နှက်သဖြင့် အသက် ၃၀ ကျော်အရွယ် အမျိုးသား တစ်ဦးသေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ် စဉ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။

Mizzima - News , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment