Pages

Pages - Menu

Friday, May 23, 2014

အမေရိကတွင် မူလတန်းကျောင်းသားနှစ်ဦးက ဆရာမကို အဆိပ်ခတ်

RangonNewsDaily: May . 23 .2014
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် မူလတန်း ကျောင်းသားနှစ်ဦးက ဆရာမ၏ ရေဘူးအတွင်းသို့ အဆိပ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း CNN သတင်းဌာနတွင် ဖော်ပြထားသည်။
အသက် ၉ နှစ်နှင့် ၁၂ နှစ်အရွယ်ရှိ ကျောင်းသားနှစ်ဦးသည် တနင်္လာနေ့ နေ့လယ်ခင်းတွင် ၎င်းတို့ ဆရာမ၏ ရေဘူးအတွင်းသို့ အဆိပ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ထိုအဆိပ်ပါသောရေကို သောက်မိသည့် ဆရာမမှာ နောက်တစ်နေ့တွင် ပျို့အန်ချင်သော ဝေဒနာကို ခံစားခဲ့ရကာ ဆေးကုသမှု ခံယူခဲ့ရသည်။
ဓာတ်ခွဲစမ်းသပ်မှုအရ ကျောင်းသား နှစ်ဦးသည် ကြွက်သတ်ဆေးကို အသုံးပြုခဲ့ခြင်း ဖြစ်သည်ဟု ယူဆရပြီး ယခုအခါတွင် ရဲတပ်ဖွဲ့က ထိုကျောင်းသားနှစ်ဦးကို ဖမ်းဆီး ထိန်းသိမ်းထားသည်။

ဆရာမကို အဆိပ်ခတ်ခဲ့သော ကျောင်းသားနှစ်ဦးကို ဒုတိယအဆင့် ဒီဂရီ ကိုယ်ထိလက်ရောက် ကျူးလွန်မှု၊ မဆင်မခြင် အန္တရာယ် ဖြစ်စေမှု၊ ရာဇဝတ်မှု မြောက်သော လက်နက် အသုံးပြုမှုတို့ဖြင့် တရားစွဲဆို သွားမည်ဟု နယူးယောက် ရဲဌာနက ကြေညာချက် ထုတ်ပြန်ခဲ့သည်။


အဆိုပါ အဆိပ်ခတ်မှုမှာ ကျောင်းသား ၈၄၉ ယောက် ပညာသင်ကြားလျက် ရှိသည့် ကျောင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကျောင်းမှ တာဝန်ရှိသူများကမူ ထိုဖြစ်ရပ်နှင့် ပတ်သက်၍ မည်သို့မျှ မှတ်ချက်ပေး ပြောကြားခြင်း မရှိသေးချေ။

နယူးယောက် ပညာရေးဌာနကမူ အဆိပ်ခတ်ခံရသော ဆရာမမှာ အန္တရာယ် ဆိုးဆိုးဝါးဝါး ကျရောက်ခဲ့ခြင်း မရှိဘဲ ပြန်လည် ကျန်းမာလာသည့်အတွက် များစွာ သက်သာရာရခဲ့ကြောင်းနှင့် ယခုဖြစ်ရပ်ကို အနီးကပ် ဆက်လက်စောင့်ကြည့် သွားမည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။


“ကျွန်တော်တို့ ကျောင်းတွေ အတွင်းမှာ ဘေးကင်းလုံခြုံမှု ရှိရေးဟာ ကျွန်တော်တို့ရဲ့ ပထမဦးစားပေး ကိစ္စပါ။ စုံစမ်းစစ်ဆေးနေစဉ် ကာလအတွင်းမှာလည်း ထွက်ပေါ်လာတဲ့ ရလဒ်အပေါ် မူတည်ပြီး လျင်မြန်ပြီး ကြောင်းကျိုးညီညွတ်တဲ့ လုပ်ဆောင်မှုတွေကို ဆောင်ရွက်သွားရမှာပါ” ဟု နယူးယောက် ပညာရေးဌာနက ထုတ်ပြန်သော ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

The Voice , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment