Pages

Pages - Menu

Monday, April 21, 2014

တောင်ကိုရီးယားသင်္ဘော ကယ်ဆယ်ရေး လုပ်ငန်းများကို ခရီးသည်များ၏ ဆွေမျိုးများ ဆန္ဒပြ


RangonNewsDaily: April . 21 .2014
အထက်တန်းကျောင်းသား အများစု ပါဝင်သွားပြီး ဗုဒ္ဓဟူးနေ့တွင် နစ်မြုပ်သွားသည့် တောင်ကိုရီးယား ကူးတို့သင်္ဘော Sewol ကယ်တင်ရေး လုပ်ငန်းများအပေါ် ခရီးသည်များ၏ ဆွေမျိုးများက ဒေါသတကြီး ဆန္ဒပြနေကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
ဂျင်ဒိုကျွန်းမှတစ်ဆင့် ဆိုးလ်မြို့တော်သို့ သွားရောက် ဆန္ဒပြရန် စီစဉ်နေသူ ၁၀၀ ကျော်ကို ရဲတပ်ဖွဲ့ဝင်များက တားဆီးခဲ့ရသည်။

သင်္ဘောနစ်မြုပ်သွားပြီး သုံးရက်ကြာပြီးနောက် ရေငုပ်သမားများမှာ သင်္ဘောတွင်းသို့ ဝင်ရောက်နိုင်ခဲ့ပြီး ခန္ဓာကိုယ်ပေါင်း ၂၂ ခုကို ရှာဖွေ တွေ့ရှိခဲ့ခြင်းကြောင့် လူသေဆုံးမှု ပမာဏမှာ ၅၄ ဦးထိ မြင့်တက်သွားပြီ ဖြစ်သည်။

သို့သော်လည်း အခြားသော ခရီးသည် ၂၄၈ ဦးမှာ ဆက်လက် ပျောက်ဆုံးနေဆဲ ဖြစ်ပြီး ခရီးသည်ပေါင်း ၁၇၄ ဦးကို ကယ်တင်နိုင်ခဲ့သည်။

သင်္ဘောနစ်မြုပ်သွားသည့် အချိန်မှစ၍ ခရီးသည်များ၏ ဆွေမျိုးများမှာ ဂျင်ဒိုကျွန်းပေါ်သို့ စုဝေး ရောက်ရှိနေကြပြီး ကယ်ဆယ်ရေးလုပ်ငန်း သတင်းများကို စောင့်ကြည့် နေခဲ့ကြသည်။

ယင်းဆွေမျိုးများထဲမှ အချို့က ကျွန်းပေါ်မှ ကီလိုမီတာ ၄၂၀ အကွာ ဆိုးလ်မြို့တော်ရှိ သမ္မတအိမ်တော်သို့ ချီတက် ဆန္ဒပြရန် ကြိုးပမ်းရာမှတစ်ဆင့် လုံးထွေး သတ်ပုတ်မှုများ ဖြစ်ပွားခဲ့သည်။
“တာဝန်ရှိသူတွေဆီက အဖြေလိုချင်ပါတယ်။ သူတို့တွေက လိမ်ညာ ပြောနေပြီး တာဝန်ကို တစ်ယောက်ကို တစ်ယောက် လွှဲချနေကြတယ်” ဟု ပျောက်ဆုံးသွားသော ခရီးသည်တစ်ဦး၏ ဖခင်ဖြစ်သူ လီဝန်ဂန်က ပြောကြားသည်။

ထို့အပြင် ပျောက်ဆုံးနေသူများ၊ သေဆုံးသွားသူများ၏ အလောင်းများ ပျက်သိုးမသွားခင် ခန္ဓာကိုယ်များကို ပြန်လည် ဆယ်ယူရရှိနိုင်ရန် ဆွေမျိုးများက စိုးရိမ် လိုလားနေကြသည်။

ဆိုးလ်မြို့တော်သို့ ချီတက် ဆန္ဒမပြရန် တောင်ကိုရီးယား ဝန်ကြီးချုပ် ကိုယ်တိုင် လာရောက် စည်းရုံး ပြောကြားခဲ့ပြီး သင်္ဘောနစ်မြုပ်သည့် ဖြစ်ရပ်မှတစ်ဆင့် တစ်နိုင်ငံလုံးနှင့် ဆိုင်သော နိုင်ငံရေးရာ အဖြစ်သို့ ရောက်ရှိသွားပြီး အစိုးရအဖွဲ့အပေါ် ထိခိုက်မှု မရှိစေရန် ကြိုးပမ်း လုပ်ဆောင်နေကြောင်း BBC သတင်းထောက်က ပြောကြားသည်။

ကယ်ဆယ်ရေး လုပ်ငန်းများတွင် သင်္ဘော ၂၀၀ ခန့်၊ လေယာဉ် ၃၄ စင်းနှင့် ရေငုပ်သမား ၆၀၀ ကျော် ပူးပေါင်း ပါဝင်နေကြောင်း BBC သတင်းတွင် ဆက်လက် ဖော်ပြထားသည်။

သို့သော်လည်း ရေစီးကြောင်းများ ပြင်းထန်နေပြီး မြင်ကွင်း မကောင်းမှုများကြောင့် ရှာဖွေရေး လုပ်ငန်းများမှာ စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရသည်။

သင်္ဘောကပ္ပတိန်နှင့် အခြားသော သင်္ဘောသားနှစ်ဦးကို တာဝန်ပေါ့လျော့မှု၊ ရေကြောင်းဥပဒေ ချိုးဖောက်မှုများဖြင့် ဖမ်းဆီးစစ်ဆေးလျက် ရှိပြီး သင်္ဘောနစ်မြုပ်သွားသည့် အချိန်တွင် ဒေသတွင်း ရေကြောင်း အခြေအနေကို နားမလည်သည့် တတိယ အရာရှိဖြစ်သူက သင်္ဘောကို မောင်းနှင်ခဲ့ကြောင်း တောင်ကိုရီးယား အရာရှိများက ပြောကြားသည်။

Sewol သင်္ဘောပေါ်တွင် ခရီးသည်နှင့် သင်္ဘောသား ၄၇၆ ဦး လိုက်ပါသွားပြီး ၃၅၀ ခန့်မှာ အထက်တန်း ကျောင်းသားများ ဖြစ်ကြကာ အင်ချုံဆိပ်ကမ်းမှ အပန်းဖြေကျွန်း ဂျေဂျူးသို့ ဦးတည် ထွက်ခွာလာစဉ် သင်္ဘောနစ်မြုပ်သွားခြင်း ဖြစ်သည်။

The Voice  , KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment