Pages

Pages - Menu

Friday, April 11, 2014

သေဆုံးသူ ၁၀၀ ရှိလာပြီးနောက် အနောက်အာဖရိကတွင် အီဘိုလာဗိုင်းရပ်စ်ကို ထိန်းချုပ်ရန်ခက်ခဲလာ


RangonNewsDaily: April . 10 .2014
ဧပြီ ၈ ရက်တွင် ဆီနီဂေါနိုင်ငံရှိ ဒါကာလေဆိပ်၌ အီဘိုလာဗိုင်းရပ်စ်ကို မည်သို့ကာကွယ်ရမည်ကို သရုပ်ပြသနေစဉ် (Photo:AFP)
သံသယဖြစ်ဖွယ် သေဆုံးသူဦးရေ ၁၀၀ ရှိလာသည့် အနောက်အာဖရိက၏ အီဘိုလာဗိုင်းရပ်စ်သည် အာဖရိက၌ လွန်ခဲ့သည့် ဆယ်စုနှစ်လေးခုက ယင်းဗိုင်းရပ်စ် စတင်ဖြစ်ပွားပြီးနောက်ပိုင်း ကျန်းမာရေး ၀န်ထမ်းများအတွက် ထိန်းချုပ်ရအခက်ခဲဆုံး မကြုံစဖူး အီဘိုလာဗိုင်းရပ်စ် ဖြစ်ပွားမှုတစ်ခု ဖြစ်လာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဧပြီ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ယခုနှစ် ဇန်န၀ါရီမှစတင်ပြီး ဂီနီတောင်ပိုင်း တောအုပ်များမှ ယင်းဗိုင်းရပ်စ်ပျံ့နှံ့မှုကို WHO က စိုးရိမ်ကြောင်း WHO လက်ထောက်ညွှန်ကြားရေးမှူးချုပ် ခေးဂျိဖူကူဒါက ပြောကြားခဲ့သည်။ “ကောလာဟလတွေ လျှော့ချဖို့ သက်ဆိုင်ရာ နိုင်ငံတွေဆီ တိကျတဲ့ အချက်အလက်တွေ ရောက်ရှိဖို့ အရေးကြီးပါတယ်။ အီဘိုလာက ပြင်းထန်တဲ့ ရောဂါတစ်ခုဆိုတာ ရှင်းပါတယ်။ သေဆုံးနိုင်ခြေနှုန်းမြင့်တဲ့ ဗိုင်းရပ်စ်ဆိုပေမယ့် သူ့ကိုထိန်းချုပ်လို့လည်း ရပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။

ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံတွင် ၁၉၇၆ ခုနှစ်က စတင်တွေ့ရှိခဲ့သည့် အီဘိုလာဗိုင်းရပ်စ်ကို အနောက်အာဖရိကတွင် ယခင်က မတွေ့ရှိခဲ့ရဖူးပေ။ လင်းနို့များမှတစ်ဆင့် အီဘိုလာဗိုင်းရပ်စ် စတင်ကူးစက်ခြင်း ဖြစ်သည်ဟု ယူဆထားကြောင်း သိရသည်။

ကူးစက်ခံရပါက သေဆုံးနိုင်ခြေ ရာခိုင်နှုန်း ၉၀ ရှိပြီး ကာကွယ်ဆေးနှင့် တိကျသောကုသမှု နည်းလမ်းမရှိသေးသော အီဘိုလာဗိုင်းရပ်စ်သည် ဂီနီတွင် ကူးစက်မှု အန္တရာယ်ဆိုင်ရာ စိုးရိမ်မှုများ မြင့်တက်စေသည်။ သို့သော် ကူးစက်ခံရသူတွင် ရေဓာတ်ရရှိအောင် ထိန်းသိမ်းပေးပြီး အခြားကူးစက်မှုများအတွက် ကုသမှုပေးပါက အသက်ရှင်ရန် အခွင့်အလမ်း မြင့်တက်လာနိုင်ကြောင်း ကျွမ်းကျင်သူများ၏ ပြောကြားချက်အရ သိရသည်။ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ဟန့်တားရန် ယင်းဒေသသို့ ကျန်းမာရေးဝန်ထမ်း အမြောက်အမြား စေလွှတ်ခဲ့ကြောင်း WHO က ထုတ်ပြန်ခဲ့သည်။

ဂီနီတွင် သေဆုံးသူ ၁၀၁ ဦး အပါအ၀င် လူ ၁၅၇ ဦး အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရသည်ဟု သံသယရှိကြောင်း WHO က ဧပြီ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းအနက် ၆၇ ဦးတွင် အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း ဓာတ်ခွဲစမ်းသပ်ချက်များအရ အတည်ပြုခဲ့သည်။

Ref:AFP , KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment