Pages

Pages - Menu

Wednesday, April 2, 2014

နူးကမ့်တွင် သရေရလဒ် ပိုင်ဆိုင်နိုင်ခဲ့သည့် အက်သလက်တီကိုမက်ဒရစ်


RangonNewsDaily: April . 2 .2014
အက်သလက်တီကို မက်ဒရစ် အသင်းသည် ပြည်တွင်းပြိုင်ဘက်ကြီး ဘာစီလိုနာ၏ အိမ်ကွင်းတွင် ဦးဆောင်ဂိုး သွင်းယူပြီး သရေရလဒ် ထွက်ပေါ်အောင် ကစားနိုင်ခဲ့သည်။
ဘာစီလိုနာတွင် လီယွန်နယ်လ်မက်ဆီ၊ နေမာ၊ အန်းဒရက်စ် အင်နီယေစတာ၊ ဆက်စ်ဖာဘရီဂက်စ်၊ ရှာဗီဟာနန်ဒက်ဇ်၊ ဆာဂျီယို ဘုရှ်ကွက်စ်၊ ဒန်နီအဲလ်ဗက်စ်၊ ဂျရတ်ပီကေး၊ ဟာဗီးယား မာရှေယာနိုနှင့် ယော်ဒီအယ်လ်ဘာတို့ ပါဝင်ပွဲထွက်လာကြသည်။ 

အက်သလက်တီကိုဘက်တွင်မူ ဒီယေဂိုကော်စတာ၊ အာဒါတူရန်၊ ဒေးဗစ်ဗီလာ၊ ကိုကီ၊ တီယာဂို၊ ဂါဘီ၊ လူးဝစ်ဖိလစ်ပီ၊ ဒီယေဂိုဂေါ်ဒင်၊ ဂျိုအိုမီရန်ဒါ၊ ဟွမ်ဖရန်တို့ဖြင့် ခင်းကျင်းလာခဲ့သည်။

ဘာစီလိုနာသည် ၎င်းတို့၏ ကိုယ်ပိုင်ဟန်အတိုင်း ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့် ပွဲကိုထိန်းချုပ် ကစားရန် အားထုတ်ခဲ့သည်။ ပွဲချိန်(၅၆)မိနစ်တွင် အက်သလက်တီကိုတို့ ဘာစီလိုနာကို အငိုက်ဖမ်းပြီး ဂိုးစတင်သွင်းယူသည်။ နောက်တန်းမှ အမြန်ပေးသည့် ဘောလုံးကို လူစားဝင် ကစားသမား ဒီယေဂိုက လက်ခံယူပြီး ညာယွန်းယွန်းမှ အပြင်းကန်သွင်းရာ အနီးတိုင်ထောင့်ထဲ တန်းနေအောင် ဝင်သွားခဲ့သည်။


ဦးဆောင်ဂိုး ပေးလိုက်ရသဖြင့် အတန်ငယ် ဖိအားဝင်သွားသော်လည်း (၇၁)မိနစ်တွင် ဘာစီလိုနာတို့ ချေပဂိုး ပြန်ရသည်။ အင်နီယေစတာက အက်သလက်တီကို ခံစစ်ကြောင်း ကြားထဲမှနေ၍ အမြင်ထက်သန်စွာ ခင်းပေးလိုက်သော ဘောလုံးကို ဘယ်ယွန်းယွန်းမှ ပြေးတက်သွားသည့် နေမာက ကန်သွင်းသွားခြင်း ဖြစ်သည်။ 

ထို့နောက်ပိုင်းတွင် အင်နီယေစတာနှင့် မက်ဆီတို့၏ ခြိမ်းခြောက် ကန်သွင်းချက်များကို အက်သလက်တီကို ဂိုးသမား သီဘောက် ကော်တွိုက်စ် လက်စွမ်းပြ ကာကွယ်သွားသဖြင့် နူးကမ့်တွင် သရေရလဒ် ရယူကာ ဧည့်သည်အသင်း အိမ်ပြန်လှခဲ့သည်။

Soccer Myanmar , 
kolatt(PBDN)
RangonNewsDaily


No comments:

Post a Comment