Pages

Pages - Menu

Monday, April 21, 2014

မန်းဝန်ကြီးချုပ်နေအိမ် မီးလောင်မှုနှုတ်ဆိတ်နေသော်လည်း ဈေးချိုဟိုတယ်မီး လောင်မှု နာရီပိုင်း အတွင်း သတင်းထုတ်ပြန်


RangonNewsDaily: April . 21 .2014
မန္တလေး၊ မဇ္ဈိမ။ ။ မန္တလေးမြို့ ၂၄ လမ်းပေါ်၊ ၆၅ လမ်းထောင့်ရှိ တိုင်းဒေသကြီး လွှတ်တော်ဝင်း အတွင်းရှိ ဝန်ကြီးချုပ် ဦးရဲမြင့်နေအိမ် ဧပြီလ ၁၉ ရက်၊ ည ၈ နာရီ ၃၀ ခန့် မီးလောင်ကျွမ်းမှုအပေါ် မည်သည့်ဌာန ဆိုင်ရာကမျှ သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း ဧပြီ ၂၀ရက် နံနက်က ဈေးချို ဟိုတယ် မီးလောင်မှုကိုမူ တိုင်းမီးသတ်ဦးစီးဌာနက နာရီပိုင်းအတွင်း သတင်းထုတ်ပြန်ခဲ့သည်။
ဝန်ကြီးချုပ်အိမ် မီလောင်းကျွမ်းမှုနှင့် ပတ်သက်၍ မန္တလေးတိုင်း မီးသတ်ဦးစီးဌာနသို့ မဇ္ဈိမက သွားရောက်မေးမြန်းရာတွင် အဆိုပါဖြစ်စဉ်ကို ၎င်းတို့ဌာနက ကိုင်တွယ်ခြင်းမရှိဘဲ မန္တလေးတိုင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကသာ တာဝန်ယူထားသည်ဟု ဧပြီ ၂၀ ရက်၊ နံနက် ၉ နာရီ အချိန် တာဝန်ကျ တာဝန်မှူးက ပြန်လည် ဖြေကြားသည်။ 

ထို့ကြောင့် တိုင်းအထွေထွေအုပ်ချုပ်ရေး ဦးဌာနသို့ မေးမြန်းရာတွင်လည်း ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ၎င်းတို့ဌာနက မသိရှိ၍ ဖြေဆိုရန် မဖြစ်နိုင်ဟု ငြင်းဆိုခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုသာ တိုက်ရိုက်သွားရောက် မေးမြန်းပါဟု ဧပြီလ ၂၀ရက်က တာဝန်မှူးအဖြစ် ထမ်းဆောင်နေသူ အမျိုးသမီးက ပြန်လည်ဖြေကြားသည်။ 
::
တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဆက်သွယ်မေးမြန်းရာတွင်လည်း ဝန်ကြီးများ အစည်းအဝေး လုပ်နေသောကြောင့် သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးဟုသာ အစိုးရဖွဲ့ ဝန်ထမ်းတစ်ဦးက ပြောသည်။ 

ဝန်ကြီးချုပ်နေအိမ် မီးလောင်ကျွမ်းမှုဖြစ်စဉ်နှင့် ဆုံးရှုံးမှုများကို ဧပြီ ၂၀ ရက် ညနေပိုင်းအထိ ထုတ်ပြန်ခြင်း မရှိသေးသကဲ့သို့ ဖြစ်ပွားနေချိန် လာရောက်သတင်းယူကြသည့် သတင်းထောက်များ ဓာတ်ပုံမှတ်တမ်းယူရာ၌ပင် ဟန့်တားမှုများ ကြုံတွေ့ခဲ့ရသည်။ 
::
"ဒါက မဖြစ်သင့်ဘူးပေါ့ဗျာ၊ မီးလောင်တာ လောင်တာပေါ့။ ဘယ်သူ့အိမ် မီးလောင်လောင် သတင်းယူရမှာပဲ၊ အခုဟာလုံးဝကိုတားတာ၊ ဒါကိုနားမလည်ဘူး၊ ပွင့်လင်းမြင်သာဆိုတာကို ဘယ်လိုလက်ခံရမှာလဲ၊ ဘယ်လိုယုံကြည်ရမှာလဲ၊ ကျွန်တော်တို့ကတော့ နားမလည်ဘူး"ဟု DVB သတင်းထောက် ဘကြီးအောင်က မဇ္ဈိမ ကိုပြောသည်။

ထိုသို့ ၀န်ကြီးချုပ်အိမ် မီးလောင်ကျွမ်းမှုအပေါ် နှစ်ရက်ခန့်ကြာသည်အထိ မည်သည့် ဌာနကမျှ သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း ဧပြီ ၂၀ရက် နံနက် ၃နာရီကျော်ခန့်တွင် မန္တလေး ဈေးချိုဟိုတယ် မီးလောင်မှုကိုမူ တိုင်းမီးသတ် ဌာနက နာရီပိုင်းအတွင်း သတင်း ထုတ်ပြန်ခဲ့သည်။
::
ဈေးချိုဟိုတယ် ဒုတိယထပ်ရှိ ငွေစာရင်းဌာန Computer UPS အပူလွန်ကဲရာမှတစ်ဆင့် မီးလောင် ကျွမ်းခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုး ကျပ် ၄၂သိန်းခန့် ရှိသည်ဟု ဆိုသည်။ 

မီးလောင်ကျွမ်းမှုကြောင့် ကွန်ပျူတာ ၅ လုံး၊ လက်နှိပ်စက် တစ်လုံး၊ ကွန်ပျူတာစားပွဲ ၉ လုံး၊ အသားဗီဒို ၂လုံး၊ အလူမီနီယံစားပွဲ ၁၁ လုံး၊ နံရံကပ်ဗီဒို ၂ လုံး၊ အဲယားကွန်း ၂ လုံး၊ CCTV ၁လုံး၊ ဝိုင်ဖိုင် အင်တာနက်ဆာဖာ ၁ လုံး၊ ၂၀x၃၅ ပေ အခန်းတစ်ခန်း ပျက်ဆီးခဲ့ပြီး လူ ၆ ဦး ဒဏ်ရာရခဲ့သည်ဟု မန္တလေးတိုင်း မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ခြင်းဖြစ်သည်။ 
::
အဆိုပါ ဖြစ်စဉ်ကြောင့် ဈေးချိုဟိုတယ် ဒုတိယအထွေထွေမန်နေဂျာ (DGM) ဦးကျော်သူရိန်ကို ပ-၃၃၇/၂၀၁၄/ ပုဒ်မ၂၅၈ဖြင့် အမှတ် ၈ ရဲစခန်း အရေးယူထားသည်ဟုလည်း သတင်းထုတ်ပြန်မှုတွင် ပါဝင်သည်။ 

ထိုသို့ ဈေးချိုဟိုတယ် မီးလောင်မှုကို နာရီပိုင်းအတွင်း ဆုံးရှုံးမှုတန်ဖိုးများ တွက်ချက် ထုတ်ပြန်သော်လည်း ၀န်ကြီးချုပ် နေအိမ်မီးလောင်မှုကိုမူ ယနေ့တိုင် တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေး၍ မန္တလေးမြို့ခံများက ဝေဖန်မှုများ ရှိလာသည်။ 
::
ဝန်ကြီးချုပ်အိမ် မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများက မှန်ကန်သည့် သတင်းထုတ်ပြန်မှုမျိုး လုပ်ဆောင်မှသာလျှင် တရားဥပဒေစိုးမိုးမှုနှင့် တိုင်းအစိုးရအပေါ် ပြည်သူတို့ ယုံကြည်မှု ပိုမိုလာနိုင်မည်ဟု မြို့ခံအချို့က ပြောသည်။

ဧပြီလ ၁၉ရက် ည ၈နာရီခွဲခန့်က မီးလောင်ကျွမ်းခဲ့သည့် မန္တလေးတိုင်း လွှတ်တော်ဝင်းအတွင်းရှိ မန္တလေးတိုင်း ဝန်ကြီးချုပ်၏ နေအိမ်ကို လာရောက် ငြိမ်းသတ်ပေးသည့် မီးသတ်ကားများကို လွှတ်တော်ဝင်းရှေ့၌ တွေ့ရစဉ်။ (ဓာတ်ပုံ- အောင်ကိုဦး)

Mizzima News  , KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment