Pages

Pages - Menu

Saturday, April 5, 2014

အစိုးရက မီတာခ တိုးမြှင့်ပြီးနောက် အခြေခံစားသောက်ကုန် ဈေးနှုန်းများ မြင့်တက်

RangonNewsDaily: April . 5 .2014
အစိုးရ မီတာခများ တိုးမြှင့်ကောက်ခံမည့်နည်းတူ ၀န်ထမ်းများ၏ အခြေခံလစာအပေါ် ကျပ် ၂၀၀၀၀ တိုးမြှင့်လိုက်သည့် အခြေ
အနေများကြောင့် ဧပြီလပထမပတ်မှ စတင်ပြီး အခြေခံ စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း၊ ထို့ပြင် သား
ငါးဈေးနှုန်းများမှာလည်း ယခင်ကထက် ရာခိုင်နှုန်း ၆၀ ခန့် မြင့်တက်လာကြောင်း သိရှိရသည်။ဈေးကွက်အတွင်းရှိ သား၊ ငါးဈေးနှုန်း
များနှင့် ဟင်းသီးဟင်းရွက် ဈေးနှုန်းများမှာလည်းဧပြီလပထမအတွင်း မြင့်တက်လာခဲ့ကြောင်း၊ယခင်က၁၀၀၊ ၁၅၀ ကျပ်တန်ဈေး
ရှိသည့် ကန်စွန်းရွက်တစ်စည်းလျှင် လက်ရှိတွင် ၂၀၀၊ ၂၅၀ ကျပ် အထိ ဈေးရှိလာကြောင်း၊ အလားတူ စားသုံးဆီ ဈေးနှုန်းများ
မှာလည်း တစ်ပိဿာလျှင် ကျပ် ၁၀၀ ကျော် ဈေးတက်လာကြောင်း သိရသည်။
အလားတူ ဧပြီ ၁ ရက်မှစ၍ တိုးမြှင့်ကောက်ခံမည့် လျှပ်စစ်ဓာတ်အားသုံးစွဲခ နှုန်းထားများအား လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက မတ် ၁၇ ရက်က ကျင်းပပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်သို့ အဆိုတင်သွင်းခဲ့ရာတွင် နိုင်ငံပိုင် ဓာတ်အားလိုင်းများမှ ရောင်းချနေသည့် နှုန်းထားများမှာ အစိုးရဌာနများနှင့် အိမ်သုံးအတွက် တစ်ယူနစ် ၃၅ ကျပ်နှုန်း၊ စက်မှုလုပ်ငန်းသုံးအတွက် တစ်ယူနစ် ၇၅ ကျပ် နှုန်းဖြင့် ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ လက်ရှိ ကောက်ခံနေသည့် နှုန်းထားများအရ နိုင်ငံတော်အနေဖြင့် ကျပ် ၂၈၄ ဘီလျံခန့် စိုက်ထုတ်သုံးစွဲ နေရကြောင်း ပြောကြားခဲ့သည်။

ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည့် ဧပြီ ၁ ရက်မှစ၍ တိုးမြှင့်ကောက်ခံမည့် နှုန်းထားများအရ အိမ်သုံး ၁ ယူနစ်မှ ၁၀၀ ထိ ၃၅ ကျပ်၊ ယူနစ် ၁၀၁ မှ ၂၀၀ ထိ ကျပ် ၄၀၊ ယူနစ် ၂၀၁ နှင့် အထက်လျှင် ကျပ် ၅၀၊ စက်မှုသုံးများအတွက် ၁ ယူနစ်မှ ၅၀၀ ထိ ကျပ် ၇၅ ၊ ယူနစ် ၅၀၁ မှ ၁၀၀၀၀ ထိ ကျပ် ၁၀၀၊ ယူနစ် ၁၀၀၀၁မှ ၅၀၀၀၀ ထိ ကျပ် ၁၂၅၊ ယူနစ် ၅၀၀၀၁ မှ ၂၀၀၀၀၀ ထိ ကျပ် ၁၅၀ ၊ ယူနစ်၂၀၀၀၀၁မှ ၃၀၀၀၀၀ ထိ ကျပ် ၁၂၅ နှင့် ယူနစ် ၃၀၀၀၀၁ နှင့်အထက် ကိုမူ ကျပ် ၁၀၀ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

"မီတာခတွေ တိုးလိုက်တယ် ဆိုပေမယ့် ဈေးနှုန်းက မီးမှန်မယ်ဆိုရင် ပေးရတာ အဆင်ပြေပါတယ်။ မီတာခလည်း တိုးကောက်မယ်၊ မီးလည်းမလာဘူး ဆိုရင်တော့ ကျွန်တော်တို့အတွက်က အဆင်မပြေဘူး။ ကျွန်တော်တို့က မီးမှန်မှန်ပေးဖို့ဘဲ တောင်းဆိုပါတယ်" လှိုင်သာယာစက်မှုဇုန်ရှိ လက်ဝါးအထည်ချုပ်စက်ရုံမှ မန်နေဂျင်းဒါရိုက်တာ ဦးခင်မောင်အေးက ပြောကြားသည်။

"မီတာခက သုံးဆတက်တယ်ဆိုတော့ ထုတ်လုပ်မှု စရိတ်ကတော့ ပိုတက်သွားမယ်။ မီတာခတက်တာထက် မီးမှန်ဖို့နဲ့ service ကောင်းဖို့ကို မျှော်လင့်တယ်။ မီးကိုအချိန် မှန်ပေးဖို့ရယ်။ မီးပျက်မယ်ဆိုရင် ကြိုပြီး အသိပေးဖို့ လိုတယ်။ နိုင်ငံခြားမှာလိုပဲ ဈေးတိုးပြီးယူတယ်ဆိုရင် နိုင်ငံခြားမှာလိုပဲ service ပေးနိုင်ရင် ပိုကောင်းမယ်။ ကျွန်တော်တို့ကတော့ ၂၄ နာရီ လည်ရတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် မီးရဖို့က အရေးကြီးတယ်။ မီတာခ တိုးပြီးကောက်ခံတဲ့အတွက် ထုတ်ကုန် product က ကုန်ကျစရိတ်များလာမယ်။ နိုင်ငံခြားဈေးကွက်မှာ ဈေးယှဉ်ပြိုင်မှု အပိုင်းက ခက်ခဲသွားမယ်။ ဘာပဲဖြစ်ဖြစ် အဓိကကတော့ မီးမှန်ဖို့ပဲ အရေကြီးတယ်" ဟု မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့်ပို့ ကုန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးထွန်းအေးက ပြောကြားသည်။

ထို့ပြင် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများမှ ထုတ်လုပ်သည့် ထုတ်ကုန်ဈေးနှုန်းများလည်း မြင့်တက်လာကာ ယခင် ၉၇၂ ကျပ်တန်သည့် ပစ္စည်းတစ်ခုဆိုပါက လက်ရှိကာလတွင် ကျပ် ၁၀၀၀ အထိ ဈေးတင်ထားသော်လည်း အဆိုပါ ကျပ် ၁၀၀၀ ဆိုသည့်ဈေးနှုန်းမှာ မီတာခမြင့်တက် လိုက်သည့်အတွက် လုပ်ငန်းအပေါ် သက်ရောက်နိုင်မှုအပေါ် မကာမိပါက ဈေးနှုန်းထပ်မံ မြင့်တက်လာဦးမည် ဖြစ်ကြောင်းလည်း စက်မှုလုပ်ငန်းရှင်များထံမှ သိရှိရသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အမှုဆောင်ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွန်းက "မီတာခ တက်လာတာနဲ့ ကုန်ဈေးနှုန်းက တက်လာတယ်။ ထုတ်လုပ်မှု ကုန်ကျစရိတ်တွေ များလာမယ်။ များလာရင် ဈေးတွေတက်လာမယ်။ သုံးစွဲမယ့် ပြည်သူလူထုကိုသွားပြီး ထိခိုက်တယ်။ အရင်က ငါးကို သုံးဆယ်သား ၀ယ်စားနိုင်တဲ့သူက ၂၀ သားလောက်ပဲ ၀ယ်စားနိုင်တဲ့ အခြေအနေတွေ ဖြစ်လာနိုင်တယ်။ ၀င်ငွေရရှိမှုက နည်းတယ် ကုန်ဈေးနှုန်းကလည်း တက်မယ်ဆိုရင် အဆင်ပြေမှာ မဟုတ်ဘူး" ဟု ပြောကြားသည်။

"ကျွန်တော်တို့လုပ်ငန်းက မုန့်အိတ်ခွံထုတ်တဲ့ ပလတ်စတစ် လုပ်ငန်းဆိုတော့ ပလတ်စတစ်တွေတော့ ဈေးတက်ထားရပြီ။ အရင်က ပလတ်စတစ်အိတ် တစ်ပေါင်ကို ၉၇၅ ကျပ်ဆိုပါတော့။ အခု ကျပ် ၁၀၀၀ ဖြစ်သွားတယ်။ ၂၅ ကျပ်ဈေးတက်သွားတယ်ပေါ့။ လက်ရှိ ၂၅ ကျပ်တင်လိုက်တဲ့ဈေးဟာ လကုန်ရင် ဆောင်ရမယ့် မီတာခနဲ့ ပြန်တွက်လို့ တွက်ခြေမကိုက်သေးရင် ဒီထက်ဈေးတင် ရောင်းရဦးမှာပါ။ မီတာခတွေ တက်တဲ့အတွက် ကျွန်တော်တို့ လုပ်ငန်းတွေကတော့ ဈေးတက်ရမှာပါပဲ" ဟု လှိုင်သာယာ စက်မှုဇုန်ရှိ မုန့်အိတ်ခွံ ထုတ်လုပ်သည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

အစိုးရ၀န်ထမ်းများ၏ လစာအား ဧပြီ ၁ ရက်မှစ၍ ကျပ်နှစ်သောင်းစီ တိုးမြှင့်ရန် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် နိုင်ငံတော်၏ အရအသုံးမှန်းခြေ ငွေစာရင်းတွင် ထည့်သွင်းရေးဆွဲထားကြောင်း၊ ဘဏ္ဍာရေးနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မတ် ၂၁ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ အလားတူ ပင်စင်လစာနှင့် ဆုကြေးများကိုလည်း အချိုးကျတိုးမြှင့်ပေးရန် ထည့်သွင်း လျာထားကြောင်းလည်း ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့သည်ဟု သိရသည်။

အဆိုပါ အစည်းအဝေးတွင် ၂၀၁၄ ခုနှစ် ဧပြီမှစ၍ လစာတိုးမြှင့်ပေးမှု၊ ၂၀၁၄ ခုနှစ် ဧပြီလမှစ၍ လျှပ်စစ်ဓာတ်အား သုံးစွဲခများ တိုးမြှင့်ကောက်ခံမှုတို့ကြောင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြင့်တက်မှု မရှိစေရန် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်သင့်ကြောင်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်ပြောကြားသည်။

"စီးပွားရေးပညာရှင်တွေရဲ့ အမြင်ကတော့ လစာတိုးမယ်ဆိုရင် Demand တက်လာမယ်။ Demand တက်လာမယ်ဆိုတော့ ၀ယ်လိုအား များလာမှာပေါ့။ ဒါဆိုရင်တော့ ကုန်ဈေးနှုန်းတက်လာမယ်။ ဒါသဘာဝပဲ။ အခုဖြစ်နေတာက ၀န်ထမ်းလက်ထဲကို အဲဒီငွေက မရောက်သေးဘူး။ ကြေညာလိုက်တဲ့အခါ ရမယ့်ငွေက လကုန်မှရမယ်။

ဒါပေမဲ့ ကုန်ဈေးနှုန်းကတော့ လမကုန်ခင်တက်မှာ။ သင်္ကြန်နားနီးတာနဲ့ ထိုးတက်မှာ။ သင်္ကြန်နားနီးလာတော့ ကားခတွေလည်း တက်လာမယ်။ လျှပ်စစ်မီတာခကလည်း တက်ဦးမယ်ဆိုတော့ ထုတ်လုပ်မှုအပိုင်းကို သွားပြီးတော့ ထိခိုက်မယ်။ ထုတ်လုပ်တဲ့ သူကလည်း သူထုတ်လုပ်တဲ့ ပစ္စည်းကို ဈေးတင်ရောင်းလို့ရရင် ပြဿနာမရှိဘူး။ 

ဒါပေမယ့် ရောင်းလို့မရရင် လုပ်ငန်းတွေ ထိခိုက်မယ်။ စားသုံးသူဘက်က ကျပြန်တော့လည်း ကုန်ပစ္စည်းကို ဈေးကြီးပေးဝယ် ရမယ်ဆိုရင် ထိခိုက်မယ်။ ကုန်ကျစရိတ်က သေချာပေါက်တက်လာမယ်။ မီတာခကတက်ရင် ထုတ်လုပ်မှု ကုန်ကျစရိတ် (Cost of Production) တက်လာမယ်။ ဒါဆိုရင်ကို သေချာပေါက်ထိလာမယ်" ဟု မြန်မာ့စီးပွားရေး ကျွမ်းကျင်သူ ဦးမြင့်သောင်းက ဆိုသည်။

"သင်္ကြန်နားနီးတော့ ကုန်စည်တွေ တက်ရိပ်ရှိနေပါတယ်။ အရောင်းအ၀ယ်လည်း မြင့်တက်နေပါတယ်" ဟု ရန်ကုန်မြို့ ဘုရင့်နောင်ကုန်စည်ဒိုင်မှ ဒေါက်တာမြင့်ဦးက ပြောခဲ့သည်။ 

Eleven Media , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment