Pages

Pages - Menu

Monday, March 3, 2014

သတင်း စားသုံးသူများ

RangonNewsDaily: March . 3 .2014
မနက်မိုးလင်းလို့ မျက်နှာသစ်ပြီးတာနဲ့ ပထမဆုံး ခေါင်းထဲရောက်လာတာက သတင်းစာဝယ်ဖို့။ ပြီးမှ လက်ဖက်ရည်သောက်ရင်း သတင်းစာဖတ်ဖို့။ ဒီအလေ့အထက ပုဂ္ဂလိက သတင်းစာတွေ ထွက်လာပြီးနောက်ပိုင်း စွဲမြဲလာသည့် အလေ့အကျင့်။ ကျွန်တော်တို့ လမ်းထိပ်မှာ သတင်းစာဂျာနယ် လိုက်ပို့သည့် ကိုဝင်းအောင်ရှိသည်။ ကျွန်တော်က သူ့ဆီမှာ လပေးမဟုတ်ဘဲ နေ့စဉ် ပုံမှန်သတင်းစာ ဝယ်ဖတ်သည်။
ခုချိန်ထိ သတင်းစာဝယ်ဖို့ တစ်ရက်မှ မပျက်ကွက်ခဲ့။ နံနက် ၇ နာရီဝန်းကျင်လောက်ဆိုလျှင် ကိုဝင်းအောင်တို့ အိမ်သို့သတင်းစာထုပ် ရောက်နေလောက်ပြီ။ ကျွန်တော်သည် သူ့အိမ်ထဲမှာ သတင်းစာဝင်ဝယ်ကာ လမ်းထိပ်က ကိုစံပေါ၏ လက်ဖက်ရည်ဆိုင်သို့ ထွက်လာခဲ့ပါသည်။

ကိုယ့်ရှေ့သို့ ရောက်လာသည့် လက်ဖက်ရည်ကို မသောက်အားသေးဘဲ ဒီနေ့ဘာသတင်းတွေများ ထူးပါလိမ့်ဆိုပြီး သတင်းစာကို အရင်ဆုံးကောက်လှန်သည်။ သတင်းစာ တစ်စောင်လုံးအမြည်းသဘောမျိုး ဟိုလှန်ဒီလှန် ဖတ်ပြီးလျှင်တော့ ဟာနေသည့် ဝမ်းဗိုက်ကို ဖြည့်ဖို့အတွက် စားစရာတစ်ခုခု မှာရပါသည်။ 


ထို့နောက်မှာတော့ လက်ဖက်ရည် တစ်ငုံသောက်လိုက် သတင်းတစ်ပုဒ်ဖတ်လိုက်နှင့် မနက်ခင်း၏ ရသကို အပြည့်အဝ ခံစားနေမိပါတော့သည်။ ကျွန်တော်ထိုကဲ့သို့ သတင်းစာဖတ်နေတုန်းမှာပဲ လမ်းထဲက နေထွန်းတစ်ယောက် သတင်းစာချိုင်းကြားညှပ်ကာ ဆိုင်ထဲဝင်လာပါသည်။ 

သူလည်း ကျွန်တော့်လိုပဲ လက်ဖက်ရည်သောက်ရင်း သတင်းစာ ဖတ်တတ်သူဖြစ်သည်။ သိပ်မကြာခင်မှာ သူငယ်ချင်း စောမင်းဦးလည်း သူ့ဆိုင်ကယ်လေးနှင့် ရောက်လာသည်။

သူကတော့ သတင်းစာ လပေးမှာသူမို့ အိမ်ပြန်ရောက်မှ သတင်းစာကို အေးအေးဆေးဆေး ဖတ်သူဖြစ်သည်။ ဆိုင်ထိုင်လျှင်တော့ သူ့ဖုန်းလေးထုတ်ကာ Facebook ဖွင့်ကြည့်တတ်သူ ဖြစ်သည်။ ခုလည်း လက်ဖက်ရည်ရှေ့ရောက်လာတာနဲ့ Facebook ဖွင့်ပြီး ညတုန်းက မကြည့်ရသေးသည့် သတင်းထူးများကို ဖွင့်ကြည့်နေပါတော့သည်။ ခဏနေလျှင်တော့ တက္ကစီဆရာလေး ကိုအောင်စိုးမိုးတစ်ယောက် ပေါက်ချလာပါသည်။ သူကတော့ အစာပြေအဖြစ် ထမင်းကြော်ကို အရင်လွေးပြီးမှ သတင်းစာကောက်ကိုင်သူ ဖြစ်သည်။


သူလည်း သတင်းစာမကြည့်ရလျှင် Facebook ဖွင့်ကြည့်သူဖြစ်သည်။ အဲဒီလိုနဲ့ ထိုင်နေကျ မိတ်ဆွေသူငယ်ချင်းများ ဆိုင်ထဲသို့ တဖွဲဖွဲဝင်လာကြပါသည်။ စက်ဘီးပြင် ဆရာလေး ကိုနီကျား၊ ဆိုက်ကားဆရာ အောင်ကိုမင်း၊ ကိုရှည်ကြီး၊ ကိုနီကျားကလည်း သတင်းစာကို စိတ်ဝင်စားသူ ဖြစ်သည်။ အောင်ကိုမင်းက သတင်းစာကို ဟိုလှန်ဒီလှန်လုပ်ကာ ပြန်ချထားတတ်သူ။ 


ကိုရှည်ကြီးကတော့ သတင်းစာဖတ်ဖို့ထက် ကျွန်တော်တို့ပြောကြသည့် သတင်းစကားကို စိတ်ဝင်စားစွာ နားထောင်တတ်သူဖြစ်သည်။ တစ်ခါတစ်ရံ ကိုကျော်ပိုင် တစ်ယောက်လည်း အလုပ်သွားခါနီး ဆိုင်ထဲဝင်လာတတ်သည်။ သူကတော့ ကြုံသမျှ သတင်းစာ၊ ဂျာနယ်ပေါင်းစုံ အကုန်ဖတ်တတ်သူ။ စာဖတ်တာလည်း မြန်သလား မမေးနဲ့။ ဤသို့ဖြင့် သတင်းကို စိတ်ဝင်စားသူများ၏ မနက်ခင်းလေးက စိုစိုပြည်ပြည်နှင့် စည်စည်ကားကား ရှိလှပါသည်။

ကျွန်တော်တို့သည် လက်ဖက်ရည်ကို သတင်းနဲ့အတူ ရောသောက်သည်။ အစာပြေအဖြစ်စားသော အသုပ်၊ မုန့်ဟင်းခါး၊ အီကြာကွေးတို့ကို သတင်းနှင့်အတူ ရောစားသည်။ ရေနွေးကြမ်းကိုလည်း သတင်းနှင့်အတူ ရောသောက်သည်။
တစ်ယောက်နှင့်တစ်ယောက်တွေ့လျှင် သူ့သတင်း ကိုယ့်သတင်း အပြန်အလှန် ဖလှယ်ကြသည်။ 


လူ့သတင်းလူချင်းဆောင်ကြသည်။ တစ်နည်းအားဖြင့် ကျွန်တော်တို့သည် အခကြေးငွေမပါဘဲ သတင်းအသယ်အပို့လုပ်သည့် သတင်းကုန်သည်များ ဖြစ်နေကြပါသည်။ ဤသို့ဖြင့် လက်ဖက်ရည်ဆိုင်လေးသည် သတင်းပေါင်းစုံတို့ ကူးလူးယှက်နွှယ် ပျံသန်းနေသော သတင်းရပ်ဝန်းတစ်ခု ဖြစ်သွားပါတော့သည်။

၂၁ ရာစုကို “သတင်းနှင့်နည်းပညာခေတ်” ဟု ပညာရှင်တို့က ပြောကြပါသည်။ သတင်း တစ်ရက်နောက်ကျလျှင် တစ်ရက် ခေတ်နောက်ကျမည်တဲ့။ သတင်းတွေက အချိန်နဲ့အမျှ စီးဆင်းနေသည်။ သတင်းတွေနဲ့အတူ ကျွန်တော်တို့အားလုံး လိုက်ပါ စီးမျောနေကြသည်။ 


သူ့ သတင်း၊ ကိုယ့်သတင်း၊ ရပ်ကွက်ထဲက သတင်း၊ မြန်မာ့သတင်း၊ အာရှသတင်း၊ ကမ္ဘာ့သတင်း။ တစ်နေ့တစ်နေ့ သတင်းတွေနဲ့ နပန်းလုံးရင်း၊ သတင်းကွန်ရက်တွေကြားထဲမှာ ပြေးလွှားရင်း၊ သတင်းတွေကို စားသောက်ကာ အသက်ရှင် နေထိုင်သူများ ဖြစ်မှန်းမသိဖြစ်လာခဲ့သည်။ ကျွန်တော်တို့ ရှူလိုက်သည့် လေထဲမှာ သတင်းတွေပါသည်။ 

ကျွန်တော်တို့ တက်စီးလိုက်သည့် ကားထဲမှာ သတင်းတွေရှိသည်။ ကျွန်တော်တို့ ဝင်လိုက်သည့် အဆောက်အအုံထဲမှာ သတင်းတွေက စောင့်ကြိုနေသည်။ တဖွဲဖွဲ ကြွေကျလာသည့် သစ်ရွက်တွေထဲမှာ သတင်းတွေပါသည်။ သတင်းတွေက အုပ်ဆိုင်းလာသည့် မြူတွေလိုပဲ ပတ်ဝန်းကျင်ကို ဝန်းရံလွှမ်းခြုံထားသည်။ ဖြာဆင်းကျလာသည့် နေရောင်ခြည်တန်းထဲမှာ သတင်းတွေကို မြင်လိုက်ရသည်။ ဒီနေ့ မိုးအုံ့တယ်။ ဒါလည်း သတင်းပဲ။ ဒီနေ့ နေအရမ်းပူတယ်။ ဒါလည်းသတင်းပေါ့။

သမ္မတကြီး ဦးသိန်းစိန်ရဲ့ ရင်ဘတ်ထဲမှာ နှလုံးခုန်စက် တပ်ထားတာလည်း သတင်းပဲ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နောက်ကြောင်းပြန်မလှည့်ဘူးလို့ ပြောတာလည်း သတင်းပဲ။ ရပ်ကွက်ထဲက အရပ်လက်သည် ဒေါ်ဘုမသမီး လင်နောက်လိုက်ပြေးတာလည်း သတင်းပဲ။ ခွေးက လူကိုကိုက်ရင် သတင်းမဟုတ်ဘူး။ 


လူက ခွေးကိုကိုက်မှ သတင်းတဲ့။ ဒါဆို လူကလူကို ကိုက်တာကျတော့ရော။ အဲဒါလည်း သတင်းပါပဲ။ သမ္မတကြီးက အရက်မသောက်ဘဲ နွားနို့သောက်ခိုင်းတာလည်း သတင်းပါပဲ။ နွားနို့ဈေးတွေ အဆမတန် ကြီးနေတာလည်း သတင်းပါပဲ။ တောင်ငူက မြို့မဈေးကြီး မီးလောင်တာလည်း သတင်းပါပဲ။ 

ရပ်ကွက်ဓမ္မာရုံကနေ မီးဘေးအန္တရာယ် ကာကွယ်ဖို့ တစ်ရပ်ကွက်လုံးကြားအောင် လော်စပီကာနဲ့ အော်တာလည်း သတင်းပါပဲ။ ဒီလိုနဲ့ သတင်းတွေက ကျွန်တော်တို့ကို ပွတ်တိုက်ပြီး ဖြတ်သန်းသွားကြသည်။ သတင်းတွေက မိုးကောင်းကင်ပေါ်ကနေ တဖွဲဖွဲကျလာသည်။ သတင်းတွေက သမုဒ္ဒရာထဲကို စီးဆင်းကာ အငွေ့ပြန်ပြီး မိုးအဖြစ် ရွာချပြန်သည်။ သတင်းတွေက ဓာတ်ငွေ့ပိုက်လိုင်းများမှတစ်ဆင့် ဝင်ရောက်လာသည်။

တချို့က သတင်းတွေကို ရေနံလိုခပ်ယူနေကြသည်။ တချို့က သတင်းတွေကို ရွှေလို ကျင်ယူနေကြသည်။ တချို့က သတင်းတွေကို အလင်းရောင်လိုလုပ်ပြီး ထွန်းညှိနေကြသည်။ တကယ်တော့ သတင်းက အလင်းကို ဆောင်သည်။ သတင်းက အမှောင်ကိုခွင်းသည် သတင်းက ဥာဏ်ပညာကို တောက်ပစေသည်။ 


သတင်းက အမြင်ပါဝါကို ချဲ့ထွင်ပေးသည်။ တစ်ခါတစ်ရံ သတင်းတုက သတင်းအစစ် ယောင်ဆောင်လာသည်။ တစ်ခါတစ်ရံ အတင်းက သတင်းယောင်ဆောင်လာသည်။ ထို့ကြောင့် သတင်းအစစ်ကို ရွေးချယ်တတ်ဖို့လိုသည်။ အတင်းနဲ့သတင်းကို ခွဲခြားတတ်ဖို့တော့ လိုသည်။

ကျွန်တော်တို့သည် သတင်းနဲ့အတူ မိုးလင်းပြီး သတင်းနဲ့အတူ မိုးချုပ်ခဲ့ကြပါသည်။ ကျွန်တော်တို့ အိပ်နေချိန်မှာ သတင်းတွေက မအိပ်ပါ။ မနက်မိုးလင်းတော့ သတင်းတွေက ထိုင်စောင့်နေသည်။ ကျွန်တော်တို့အားလုံး သတင်းကို စားသုံးနေကြပါသည်။


(ဆောင်းပါးရှင် - မောင်ကြည်)
Eleven Media ,  kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment