Pages

Pages - Menu

Friday, March 14, 2014

သာကေတမြို့နယ်တွင် လူငယ်အချင်းချင်း ခိုက်ရန်ဖြစ်ရာမှ တစ်ဦးသေဆုံး

RangonNewsDaily: March . 14 .2014
လူငယ်များအချင်းချင်း ခိုက်ရန်ဖြစ်ပွားရာမှ တစ်ဦးသေဆုံးခဲ့မှုတစ်ခု သာကေတ မြို့နယ်တွင် မတ်လ ၁၂ ရက် ညက ဖြစ်ပွားခဲ့ရာ အမှုဖွင့်တိုင်တန်းထားသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန် ထားသည်။
အမှုကို တာမွေမြို့နယ်နေသူ ကိုကျော်ထင်ဦး (၂၈)နှစ်၊ အလူမီနီယံ အလုပ်သမားဖြစ်သူက တိုင်တန်း ထားခြင်း ဖြစ်သည်။
မတ်လ ၁၂ ရက်ည ၁၁ နာရီခွဲက ကိုကျော်ထင်ဦးနှင့်အတူ အသက် ၂၀ နှစ် ၀န်းကျင်ရှိ အလူမီနီယံ လုပ် သား သုံးဦးသည် စစ်ဆေးဆဲဖြစ်သည့် သီဟ၊ ဘိုတိုးတို့ နှင့်အတူ သာကေတမြို့နယ် ရန်ပြေထိပ်အနီးရှိ အရက်ဆိုင်တွင် အရက်သောက်ခဲ့ကြသည်ဟု ဆိုသည်။

ထို့နောက် ဘိုတိုးနှင့် ချစ်စမ်းမောင်တို့မှ အရင်ပြန်သွားပြီး ၅မိနစ်အကြာတွင် တရားလိုပါ လေးဦးမှာလည်း ပြန်ခဲ့ကြသည်ဟု ရဲစခန်းတွင် ထွက်ဆိုထားသည်။ ထို့နောက် ၀င်းထက်အောင်က အရင်ဆုံးပြန်သွား သည့် ချစ်စမ်းမောင်အား ဖုန်းဆက်ပြီး စောင့်ခိုင်းသဖြင့် ဖုန်းဖြင့် ပြန်ဆဲစဉ် လမ်းဘေးတွင်ထိုင်နေသည့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က ၎င်းတို့ကို ဆဲသည်ထင်ကာ ရန်စကားများပြောသဖြင့်နောက် မှရောက်လာသည့် ကိုကျော်ထင်ဦးတို့အဖွဲ့နှင့် အခြေအတင် စကားများခဲ့ကြသည်ဟု တရားလိုဘက်က ထွက်ဆို ထားသည်။

ထိုစဉ် လမ်းဘေးရှိ အနက်ရောင်ဆလွန်းကားအနီး စကားပြောနေသည့် အမည်မသိ အမျိုးသားနှစ်ဦး ရောက်ရှိလာပြီး ချစ်စမ်းမောင်အား လက်သီးဖြင့် ၀ိုင်းဝန်းထိုးကြသည်ဟု ဆိုသည်။

ထိုအချိန်တွင် သီဟက တစ်ဖက်လူများတွင် ဓားပါကြောင်း အော်ဟစ်ပြောဆိုသဖြင့် ထွက်ပြေးခဲ့ပြီး လဲကျ ကျန်ခဲ့သည့် ချစ်စမ်းမောင်အား သွားပြန်ခေါ်ရာ ယာပခုံးရှေ့ဘက်တွင် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ယာလက် ပြင်တွင် ပြတ်ရှဒဏ်ရာ တစ်ချက်တို့ ရရှိထားသည်ကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ချစ်စမ်းမောင်အား အလူမီနီယံဆိုင်သို့ ပြန်ပို့စဉ် ၀င်းထက်အောင်က ဖုန်းဆက်ခေါ်သဖြင့် အခင်းဖြစ်ရာသို့ ပြန်အရောက်တွင် ဝေယံစိုးသည် ရင်ဘတ်ထိုးသွင်း ဒဏ်ရာဖြင့် သေဆုံးနေခဲ့သည်ဟု ဆိုသည်။ 

ထို့အပြင် ၀င်းထက်အောင်တွင်လည်း ခါးအတွင်း ထိုးသွင်းဒဏ်ရာ ရရှိထားသည်ကို တွေ့ရှိရသဖြင့် ရန်ကုန်ဆေးရုံ ကြီးသို့ ပို့အပ်ခဲ့သည်။ သေဆုံးသူ ဝေယံစိုးကို ပီအာရ် ၀၀၁ ဖြင့်လည်းကောင်း၊ ချစ်စမ်းမောင်ကို အတွင်း လူနာ(စိုးရိမ်ရ)အဖြစ်လည်းကောင်း၊ ၀င်းထက်အောင်ကို ပြင်ပလူနာအဖြစ်လည်းကောင်း ကုသနေရ သည်ဟု မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်အပေါ် ဓားဖြင့် ထိုးသွားသူများကို စုံစမ်းဖော်ထုတ် အရေးယူပေးရန် ကိုကျော်ထင်ဦးက တိုင်တန်းထားရာ သာကေတရဲစခန်းက ည ၁ နာရီကျော်တွင် (ပ)၁၁၃/ ၂၀၁၄ ဖြင့် အမှုဖွင့်ပြီးဆောင် ရွက်နေသည်။ထို့ပြင် ပြစ်မှုကျူးလွန်သူများကိုလည်း ဖမ်းဆီးရမိပါက ပြစ်မှုပုဒ်မ ၂၀၂/၃၂၆/ ၁၁၄ တို့ဖြင့် တရားစွဲတင်သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။

Mizzima News , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment