Pages

Pages - Menu

Thursday, March 6, 2014

ရန်ကုန် စတိုင်လ် ရေခဲရေ


RangonNewsDaily: March . 6 .2014
မြန်မာပြည်မှာ လမ်းဘေးရေခဲရေရောင်းသူကို ရန်ကုန်မြို့မှာပဲ တွေ့နိုင်မယ်လို့ ယူဆရပါတယ်။ အခုတော့ ရေခဲရေသည် နည်းနည်းပဲ ရှိပါတော့တယ်။ သောက်တဲ့သူလည်း နည်းနည်းပဲ ရှိပါတော့တယ်။
ရန်ကုန်စတိုင် ရေခဲရေ ဆိုတာက ရေပုံးထိပ်မှာ ရေခဲတုံးတင်ဖို့နေရာရှိမယ်၊ ရေကို ရေခဲပေါ်လောင်းချပြီး အောက်က ခွက်နဲ့ခံမယ်၊ လာဝယ်သောက် သူကို ပေးလိုက်မယ်။ ရေခဲတုံးကနေ ရေတွေက ပုံးထဲကို တစက်ပြီးတစက် ကျနေလိမ့်မယ်။ အပူဒဏ်ကို တန်ပြန်ချင်လို့၊ ရေဆာလို့ ၀ယ်ကြတယ်၊ သောက်ကြတယ်။

ခေတ်က သောက်ရေသန့်ခေတ်ကို ရောက်လာပြီ ဆိုတော့ ရေပုလင်းကို ရေခဲပုံးထဲ၊ ရေခဲသေတ္တာထဲ ထည့်ရောင်းလာကြပါပြီ။ ရေခဲရေ အရောင်းထိုး ကျသွားခြင်းက အအေးဓာတ်ကို လူကြိုက်နည်းသွားလို့ မဟုတ်ပါဘူး။ ရေကို ပုလင်းသွပ်ရောင်းတဲ့ခေတ်ကို ရောက်လာလို့ပါပဲ။

လမ်းဘေးရေခဲရေဟာ ရေသန့်ရှင်းမှု ခွက်နဲ့ရေပုံး သန့်ရှင်းမှုတွေမှာ အားနည်း ကောင်း အားနည်းမယ်။ နောက်ထပ်အားနည်းချက်ကတော့ ရောင်းတဲ့နေရာ ရဲ့ သန့်ရှင်းရေး။ ရောင်းတဲ့သူရဲ့ သန့်ရှင်းရေးပါပဲ။ ရောင်းတဲ့သူရဲ့လက်က နေရာမရွေး ရောက်တတ်ပါတယ်။ နှာခေါင်းထဲရောက်နိုင်သလို ချိုင်းကြား ထဲလည်း ရောက်နိုင်တယ်။ ဟိုပစ္စည်းကောက်ကိုင် ဒီပစ္စည်းကောက်ကိုင်တာ မျိုးလည်း ဖြစ်တတ်ပါတယ်။ လမ်းဘေးဆိုတော့ ရေထဲ ဖုန်ဝင်တာမျိုးလည်း ကြုံရနိုင်မယ် မဟုတ်လား။

အားသာချက်တခုကတော့ ရေကို ဝေးဝေးယူသွားလို့ရအောင် ပုလင်းဆောင် ထားကြပါပြီ။ ၀ယ်သူရဲ့လက်ထဲ ပုလင်းလွတ်ပါလာဖွယ် မရှိပေမယ့် ရောင်းသူ ဆီမှာတော့ ပလပ်စတစ် ပုလင်းခွံတွေ ရှိနေတတ်ပါတယ်။ ဘယ်ကနေ ၀ယ်သလဲ ယူသလဲ မသိပါ။

တခြားနိုင်ငံတွေမှာ လမ်းဘေးမှာ ရေကိုပုံးနဲ့ ထည့်ရောင်းတာမျိုး ရှိပါ့မလား။ မထင်ပါဘူး။ ဒါဟာ ရန်ကုန်စတိုင်ဖြစ်နိုင်ပါတယ်။ တခြားနိုင်ငံမှာ ရှိမယ် ဆိုရင်လည်း ရေပုံးကို ခွက်နဲ့ခေါက်ပြီး ရေခဲရေ ရေခဲရေ လို့ အော်ရောင်းချင်မှ ရောင်းပါလိမ့်မယ်။ အဲ… ရန်ကုန်က ရေခဲရေသည်တွေလို ရေပုံးကို ခွက်နဲ့ တဂွပ်ဂွပ်ခေါက်ပြီး ဈေးခေါ်တာမျိုးလည်း လုပ်ကောင်း လုပ်ပါလိမ့်မယ်။

လွန်ခဲ့တဲ့ဆယ်နှစ်ကျော်တုန်းက ဆိုရင် ရန်ကုန်က ရုပ်ရှင်ရုံတွေရှေ့မှာ ဘတ်စ်ကားမှတ်တိုင်တွေမှာ ရေခဲရေသည်တို့ကို တွေ့ရမှာပါ။ ရုပ်ရှင်ပြီးချိန် ဆိုရင် တဂွပ်ဂွပ် ခေါက်သံက ပိုကျယ်လာပါတယ်။ ရုံထဲက ပြုံဆင်းလာတဲ့ လူအုပ်ထဲမှာလည်း ရုံထဲကအထွက် ရေခဲရေ သောက်လိုက်ရမှ အာသာပြေ မယ့်သူ အများအပြားဆိုတော့ ခွက်ခေါက်သံနဲ့ ဆီးကြို အချက်ပြရပြီလေ။
ပုလင်းသွပ်ရေ ခေတ်မစားခင်က ဆိုရင် ရန်ကုန်သား ရန်ကုန်သူတို့သာမက ရန်ကုန်ကိုရောက်လာတဲ့ မြို့အသီးသီးကလူတွေလည်း ရေခဲရေကို အားပေး ဖူးကြပါလိမ့်မယ်။

ရေခဲရေဆိုရင် သိပ်ကြိုက်တတ်တဲ့ထဲမှာ ထိုင်း၊ အမေရိကန်တို့က ထိပ်ဆုံးမှာ ရှိတတ်ပါတယ်။ သို့သော်လည်း သူတို့တွေ ရန်ကုန် အလည်ရောက်တဲ့အခါ လမ်းဘေးက ရေခဲရေကို မြည်းကြမယ် မထင်ပါဘူး။

ကဲ…လမ်းဘေးမှာ သောက်သုံးသူစောင့်နေတဲ့ ရေခဲရေသည် ရန်ကုန်မှာ ဘယ်နှစ်ဦး ကျန်ပါသလဲ။ မကျန်တော့ဘူးထင်တယ်၊ မတွေ့တော့သလိုပဲ လို့ တချို့က ဖြေပါလိမ့်မယ်။ တချို့ကလည်း ငါးဦးလောက် ရှိမယ်လို့ ပြောပါလိမ့် မယ်။ ဆယ်ဦးထက် မပိုတာ သေချာတယ်လို့ ခန့်မှန်းသူလည်း ရှိမှာပါ။

သေချာတာကတော့ ရေခဲရေရောင်းသူ နည်းနည်းလာခြင်းပါပဲ။ အအေးခန်း ထဲက ရေပုလင်းကို ၀ယ်သောက်ဖို့ ခက်ခဲနေသူတွေ ရှိနေသရွေ့တော့ ပလက်ဖောင်းဈေးသည်များထဲ ရေခဲရေရောင်းသူ လွယ်လွယ်နဲ့ ပျောက်သွား မယ်မဟုတ်ဘူးလို့ ယူဆရပါတယ်။

kolatt(PBDN)

RangonNewsDaily

No comments:

Post a Comment