Pages

Pages - Menu

Wednesday, March 5, 2014

တရုတ်ကာကွယ်ရေးအသုံးစရိတ် (၁၂.၂)ရာခိုင်နှုန်းမြှင့်တင်

RangonNewsDaily: March . 5 .2014
တရုတ်နိုင်ငံသည် ယခုနှစ်အတွင်း ကာကွယ်ရေး အသုံးစရိတ်ကို (၁၂.၂)ရာခိုင်နှုန်း မြှင့်တင်သွားမည်ဟု ကြေညာလိုက်သည်။ ဗုဒ္ဓဟူးနေ့တွင် တရုတ်အစိုးရက လက်ရှိ ကမ္ဘာ့အကြီးမားဆုံး လက်နက်ကိုင်တပ်ကြီးကို ထပ်မံ၍ မြှင့်တင်တိုးချဲ့မည့် စီမံကိန်းအား အတည်ပြုခဲ့သည်။
(၂၀၁၄)ခုနှစ်တွင် ကာကွယ်ရေး အသုံးစရိတ်ကို (၁၂.၂)ရာခိုင်နှုန်း မြှင့်တင်မည်ဆိုသော တရုတ်၏ ကြေညာချက်က ၎င်း၏ နိုင်ငံရေးပြိုင်ဘက် အာရှနိုင်ငံများနှင့် အမေရိကန် ပြည်ထောင်စုတို့အတွက် စိတ်ပျက်စရာ ဖြစ်လာခဲ့သည်။ တရုတ်၏ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်သည် လက်ရှိ ကမ္ဘာ့စစ်အင်အား အတောင့်တင်းဆုံး တပ်ဖွဲ့ကြီးအဖြစ် ရပ်တည်နှင့်ပြီးသား ဖြစ်သည်။

ဘေဂျင်းရှိ တရုတ်အစိုးရသည် စစ်အင်အား တိုးမြှင့်မှုကို နှစ်စဉ် အစဉ်တစိုက် ဆောင်ရွက်လာခဲ့ပြီး ယခုနှစ်တွင်လည်း ကာကွယ်ရေး အသုံးစရိတ် ယွမ်(၈၀၈.၂၃)ဘီလျံ အသုံးပြုမည်ဟု ကြေညာသည်။ ယင်းသည် ဒေါ်လာ (၁၃၂)ဘီလျံမျှနှင့် ညီမျှပြီး စစ်သုံးစရိတ်ကို ယမန်နှစ်ထက် (၁၂.၂)ရာခိုင်နှုန်း တိုးမြှင့်သည့် အခြေအနေအဖြစ်လည်း ယူဆနိုင်မည်ဟု သိရသည်။

 “ကျွန်တော်တို့ အနေနဲ့ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေး ကဏ္ဍတွေကို ကာကွယ်ဖို့အတွက် အစောင့်အရှောက် စွမ်းရည်ကို တိုးမြှင့်ရပါလိမ့်မယ်”ဟု ဝန်ကြီးချုပ် လီကီကွင်းက ဆိုသည်။

လက်ရှိ ကာကွယ်ရေးအသုံးစရိတ် အမြင့်ဆုံး ကမ္ဘာ့နိုင်ငံများ စာရင်းတွင် အမေရိကန် ပြည်ထောင်စုက ထိပ်ဆုံးမှ ရပ်တည်နေဆဲဖြစ်ပြီး ဒီဇင်ဘာလတွင် သတ်မှတ်ချက်အရ အမေရိကန်၏ တစ်နှစ် ကာကွယ်ရေးဘတ်ဂျတ်သည် ဒေါ်လာ (၆၃၃)ဘီလျံထိရှိနေသည်။ 


တရုတ်၏ ကာကွယ်ရေး အသုံးစရိတ်သည် အိန္ဒိယ၏ (၃)ဆရှိပြီး ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်နှင့် ဗီယက်နမ်တို့၏ စုစုပေါင်း ကာကွယ်ရေး အသုံးစရိတ်ထက်ပင် ပို၍ များပြားကြောင်း သိရှိရသည်။

Planet Myanmar Network , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment