Pages

Pages - Menu

Tuesday, March 11, 2014

ဘားအံဆွေးနွေးပွဲ ကျင်းပမည့်အချိန် ဧပြီလဆန်းမှသာ သတ်မှတ်မည်


RangonNewsDaily: March . 11 .2014
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုရန်အတွက် အပြီးသတ် ဆွေးနွေးမည့် ဘားအံငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပမည့် အချိန်ကို အစိုးရနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ ဧပြီလဆန်းတွင် ထပ်မံ တွေ့ဆုံပြီးမှသာ သတ်မှတ်နိုင်မည် ဖြစ်ကြောင်း တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောကြားသည်။
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာတွင် မတ်လ ၁၀ ရက်နေ့က ပြုလုပ်သည့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ တွေ့ဆုံ ဆွေးနွေးအပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ အဖွဲ့ဝင်လည်း ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
“ဧပြီ ပထမပတ်မှာ ဆွေးနွေးပြီးတာနဲ့ ဘားအံကို ဆက်လုပ်သွားမှာပါ” ဟု ၎င်းကဆိုသည်။

ဧပြီလဆန်းတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်၌ ပါဝင်မည့် အသေးစိတ် အချက်အလက် များကို နှစ်ဖက် ဆွေးနွေးပြီးပါက မြန်မာနှစ်သစ်ကူး ရုံးပိတ်ရက်များနှင့် လွန်စွာ နီးကပ်သွားပြီ ဖြစ်သည့်အတွက် ဘားအံ ဆွေးနွေးပွဲကို သင်္ကြန်ကာလ မတိုင်မီ ပြုလုပ်ရန် မလွယ်ကူတော့ကြောင်း NCCT ဒုတိယ အဖွဲ့ခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက ရှင်းပြသည်။

ဘားအံ ဆွေးနွေးပွဲတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဒုတိယအကြိမ် စုံညီ တွေ့ဆုံ၍ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်ကို အပြီးသတ် ညှိနှိုင်းမည် ဖြစ်ကြောင်း၊ ယင်းကြောင့် အစိုးရနှင့် တိုင်းရင်းသား ကိုယ်စားလှယ် ကိုးဦးစီ ပါဝင်သည့် စာချုပ်မူကြမ်း ရေးဆွဲရေး ကော်မတီ တစ်ရပ်ကို ယနေ့ ဖွဲ့စည်းလိုက်ကြောင်း၊ အစိုးရကိုယ်စားပြု အဖွဲ့မှ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်တို့ ဦးဆောင် ပါဝင်မည် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီထံမှ သိရသည်။

သို့သော် တပ်မတော် ကိုယ်စားပြု ပါဝင်မည့် အဖွဲ့ဝင် သုံးဦးနှင့် တိုင်းရင်းသားများ ကိုယ်စားပြု အဖွဲ့ဝင် ကိုးဦး၏ အမည်စာရင်းကို လတ်တလော အတည်မပြု နိုင်သေးကြောင်း၊ ဧပြီလဆန်း အမီ အတည်ပြု ပြောကြားမည် ဖြစ်ကြောင်း နှစ်ဖက် ကိုယ်စားလှယ်များက ပြောကြားသည်။

ဘားအံ ဆွေးနွေးပွဲ အကြိုအဖြစ် နှစ်ရက်ကြာ ကျင်းပသော ယခု ဆွေးနွေးပွဲ အပြီးတွင် အခန်း ခုနစ်ခန်းပါ အပစ်ရပ် စာချုပ်ကို ပူးတွဲပြုစုရန်နှင့် ထပ်မံ ပြုလုပ်မည့် ဆွေးနွေးပွဲများတွင် ကျန်ရှိနေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ကိုလည်း ဖိတ်ကြားရန် သဘောတူခဲ့သည်။

ဘားအံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မူလက ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပ ပြီးစီးသည့် လော်ခီးလာ တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံ အပြီး ဆက်တိုက်ပြုလုပ်ရန် စီစဉ်ထားကြောင်း၊ သို့သော်လည်း အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲ အတွက် ကြိုတင် ပြင်ဆင်မှုများ ပိုမို သေချာစေရန် အကြိမ်ကြိမ် နောက်ဆုတ်ခဲ့ရကြောင်း အစိုးရနှင့် တိုင်းရင်းသား ခေါင်းဆောင်များက ပြောကြားသည်။

The Voice , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment