Pages

Pages - Menu

Thursday, March 20, 2014

တောင်ဥက္ကလာပမြို့နယ်တွင် လျှပ်စစ်မိန်းဘုတ်ခုံမှတစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး နေအိမ်ငါးလုံး မီးလောင်ဆုံးရှုံး


RangonNewsDaily: March . 20 .2014
တောင်ဥက္ကလာပမြို့နယ်တွင် လျှပ်စစ်မိန်းဘုတ်ခုံမှတစ်ဆင့် အပူလွန် ၀ါယာရှော့ခ်ဖြစ်ကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး နေအိမ်ငါးလုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ် ၁၉ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်က တောင်ဥက္ကလာပမြို့နယ် ၁၄ ရပ်ကွက်၊ စီမံကိန်း (၁)၊ မြလေးလမ်းရှိ အိမ်အမှတ် (၂၁၁) နေအိမ်အောက်ထပ်၌ လျှပ်စစ်မီးပူ တိုက်နေစဉ် အပေါ်ထပ်ရှိ လျှပ်စစ်မီးဘုတ်ခုံမှ အပူလွန် ၀ါယာရှော့ခ်ဖြစ်ကာ မီးစတင် လောင်ကျွမ်းခြင်းဖြစ်ပြီး ယင်းနေအိမ်နောက်ဘက်ရှိ အိမ်နှစ်လုံး၊ ၀ဲဘက်နေအိမ် တစ်လုံးနှင့် ယာဘက်မှ နေအိမ်တစ်ခြမ်းတို့ မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

“ခံနိုင်ရည် ၀ပ်အားနည်းတဲ့ လျှပ်စစ်မိန်းဘုတ်ကနေပြီးတော့ ဘုရားမီး၊ မီးပူ၊ မော်တာ၊ ပန်ကာ စတဲ့လျှပ်စစ်ပစ္စ ည်းအကုန်လုံးကို သုံးတဲ့အတွက် မိန်းဘုတ်အပူလွန် ၀ိုင်ယာရှော့ခ်ဖြစ်တယ်။ အဲဒီလို ရှော့ခ်ဖြစ်လောင်ကျွမ်းပြီး ကျလာတဲ့ မီးပွားတွေက အောက်မှာရှိတဲ့ စောင်၊ ခြင်ထောင်၊ မွေ့ရာတွေပေါ်မှာကျပြီး ဆက်လက်လောင်ကျွမ်းတာ ဖြစ်တယ်။

မိန်းဘုတ်ကလည်း လျှပ်စစ်နားလည် တတ်ကျွမ်းတဲ့သူတွေနဲ့ တိုင်ပင်ပြီး တပ်ဆင်အသုံးပြုထားတာ မဟုတ်ဘဲ သူတို့ဘာသာသူတို့ အဆင်ပြေသလို တပ်ဆင်ထားတာပါ” ဟု တောင်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးဌာနမှ ဇုန်နယ်မှူးဖြစ်သူ ဦးကိုကိုကြီးက မတ် ၁၉ ရက်မွန်းလွဲက ပြောကြားသည်။

အဆိုပါ မီးလောင်ကျွမ်းမှုသို့ မီးသတ်ယာဉ် ၂၄ စီး၊ ရေတင်ယာဉ်တစ်စီး၊ အုပ်ချုပ်မှုယာဉ်နှစ်စီး၊ အထောက်အကူပြုယာဉ်နှစ်စီး လာရောက်ငြှိမ်းသတ်ခဲ့ပြီး ညနေ ၃ နာရီ ၁၀ မိနစ်ခန့်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

“မီးစလောင်တာ သိသိချင်းပဲ ကျွန်တော်အပါအ၀င် ပတ်ဝန်းကျင်ကလူတွေ ၀ိုင်းငြှိမ်းကြတယ်။ မီးတောက်တော်တော်ကြီးတယ်။ နေ့လယ်ခင်းဖြစ်တယ်။ နေကလည်း တအားပူနေတော့ ပတ်ဝန်းကျင်က လူတွေသာ အရင်ဝိုင်းမငြှိမ်းသတ်ခဲ့ရင် မီးကပိုလောင်ဦးမှာ။ လမ်းကလည်းကျဉ်း၊ လျှပ်စစ်ဓာတ်တိုင်တွေကလည်းနိမ့်လို့ မီးသတ်ကားတွေက တော်တော်နဲ့ ၀င်လို့မရဘူး” ဟု မီးငြှိမ်းသတ်ရာတွင် ပါဝင်သူတစ်ဦးက ပြောကြားသည်။

မီးစတင် လောင်ကျွမ်းခဲ့သည့် နေအိမ်မှ အိမ်ရှင်ဒေါ်မိမိခိုင်အား တောင်ဥက္ကလာပမြို့မ ရဲစခန်းက (ပ) ၁၁၇/၁၄ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ် ၁၄ ရပ်ကွက် စီမံကိန်း (၁)၊ မြလေးလမ်းရှိ နေအိမ်များ မီးလောင်ကျွမ်းမှုကို မီးသတ်တပ်ဖွဲ့ဝင်များ မီးငြှိမ်းသတ်နေစဉ်


Eleven Media  , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment