Pages

Pages - Menu

Thursday, March 27, 2014

အင်္ဂလန်နည်းပြများ လာရောက် သင်ကြားမည့် ဘောလုံးနည်းပြသင်တန်း ပထမဆုံးအကြိမ် ဖွင့်မည်

RangonNewsDaily: March . 27 .2014
ဗြိတိသျှကောင်စီနှင့် အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲကျင်းပရေး ကော်မတီတို့ ပူးပေါင်း ဖွင့်လှစ်မည့် Premier Skills သင်တန်းကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ဖွင့်လှစ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) က ပြောရေး ဆိုခွင့်ရှိသူ ဦးစိုးမိုးကျော်က ပြောကြားသည်။
အဆိုပါ သင်တန်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရုံး အနီးရှိ မြက်ခင်းတုကွင်းတွင် မေလ တတိယပတ်၌ ဖွင့်လှစ်မည်ဖြစ်ရာ အင်္ဂလန်နိုင်ငံမှ သင်တန်း နည်းပြများက လာရောက် သင်ကြားပေးမည် ဖြစ်ကြောင်း၊ ယင်းကြောင့် အာရှ ဘောလုံးအဖွဲ့ချုပ် အသိအမှတ်ပြု နည်းပြလက်မှတ် ဖြစ်သည့် AFC (C) လိုင်စင်ရရှိထားသူ သင်တန်းသား ၄၈ ဦးကို သင်ကြားပေးမည်ဟု ၎င်းကဆိုသည်။

ယခုသင်တန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ နည်းနှစ်ဦးစီ သင်ကြားနိုင်ရန် မျှော်မှန်းထားပြီး သင်တန်းအပြီးတွင် သက်ဆိုင်ရာ ဒေသများတွင် လူမှုရေး၊ ပညာရေးနှင့် အားကစား လုပ်ငန်းများ ပြန်လည် ဆောင်ရွက်နိုင်ရန် အတွက်လည်း ရည်ရွယ်ကြောင်း၊ သင်တန်း တက်ရောက်လိုသူ များအနေးနှင့် မတ်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ MFF ၏ နည်းစနစ်ဌာနတွင် စာရင်းပေးသွင်းရမည် ဖြစ်ကြောင်း နည်းစနစ် တာဝန်ခံ ဦးဝင်းသူမိုးက ပြောကြားသည်။

နယ်မှ လာရောက် သင်တန်းတက်မည့် သင်တန်းသားများကို ခရီးစရိတ်များ ပြန်လည် ပေးအပ်မည် ဖြစ်ပြီး သင်တန်းသားများ တည်းခိုနေထိုင်ရန်အတွက် စီစဉ်ပေးမည်ဟု ၎င်းကဆိုသည်။
“ဒီသင်တန်းက ဘောလုံးနဲ့ ဆက်နွှယ်တဲ့ အင်္ဂလိပ်စာအပြင် လူမှုဆက်ဆံရေး၊ စီမံခန့်ခွဲမှု စတဲ့ကဏ္ဍတွေကိုလည်း သင်ကြားပေးမှာပါ။ အခြေခံ အနေနဲ့ သင်တန်းသား ၄၈ ဦးနဲ့ စဖွင့်ပြီး နောက်တစ်ဆင့် Level 2 မှာတော့ သင်တန်းသား ၃၆ ဦး၊ Level 3 မှာ သင်တန်းသား ၂၃ ဦးတို့ကို ထပ်ဖွင့်မှာပါ” ဟု MFF နည်းစနစ် တာဝန်ခံက ရှင်းပြသည်။

အဆိုပါ Premier Skills သင်တန်းမှာ အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲကျင်းပရေး ကော်မတီနှင့် ဗြိတိသျှ ကောင်စီတို့က ၂၀၀၇ ခုနှစ်က စတင်ကာ ကမ္ဘာ့နိုင်ငံ ၂၇ နိုင်ငံတွင် ဘောလုံးနည်းပြ သင်တန်းများ သင်ကြားပေးလျက်ရှိရာ မြန်မာနိုင်ငံတွင် ပထမဦးဆုံး အကြိမ်အဖြစ် လာရောက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ဘောလုံးနည်းစနစ်များ တိုးတက်ရေး၊ ပြည်တွင်းနည်းပြ အရေအတွက် တိုးပွားလာရေး၊ လူငယ် အားကစားသမားများ ပေါ်ထွက်လာရေးအတွက် နိုင်ငံတကာမှ အဖွဲ့အစည်းများ၊ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်၊ အာရှဘောလုံး အဖွဲ့ချုပ်၊ အာဆီယံ ဘောလုံး အဖွဲ့ချုပ်တို့နှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိရာ ယခင်နှစ် များကလည်း ရီးရဲမက်ဒရစ်၊ လီဗာပူး ကလပ်အသင်းများမှ ဘောလုံး သင်တန်းများ လာရောက် သင်ကြားခဲ့သကဲ့သို့ လက်ရှိတွင်လည်း အာရှဘောလုံး အဖွဲ့ချုပ် အသိအမှတ်ပြု C လိုင်စင်၊ B လိုင်စင် သင်တန်းများကို အဆက်မပြတ် ဖွင့်လှစ်ပေးလျက် ရှိသည်။

The Voice , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment