Pages

Pages - Menu

Thursday, March 20, 2014

တပ်မတော် (ရေ) စစ်ရေး လေ့ကျင့်မှု စတင်၊ စစ်ရေယာဉ်သစ်နှင့် လက်နက်အသစ်များ ပါဝင်မည်


RangonNewsDaily: March . 20 .2014
မြန်မာ့တပ်မတော် (ရေ) က မတ်လ ၁၉ ရက်မှ ၂၇ ရက်အတွင်း ပြုလုပ်ရန် ကြေညာထားသော စစ်ရေး လေ့ကျင့်မှုကို စတင်လိုက်ပြီး အသစ် တည်ဆောက်ထားသော စစ်ရေယာဉ်နှင့် အသစ် တပ်ဆင်ထားသော လက်နက်သစ် များလည်း လေ့ကျင့်မည် ဖြစ်ကြောင်း မြန်မာ့တပ်မတော် (ရေ) တာဝန်ရှိသူများက ပြောကြားသည်။
ကိုကိုးကျွန်းရှေ့ ရေပြင်တွင် ပြုလုပ်မည့် တပ်မတော် (ရေ) ၏ ပင်လယ်ပြင် လက်တွေ့ လေ့ကျင့်ခန်းနှင့် လက်နက်များ လေ့ကျင့် ပစ်ခတ်ခြင်း အစီအစဉ်များမှာ တပ်မတော်ကို အဆင့်မီ တပ်မတော် တစ်ခုအဖြစ် တည်ဆောက်မည့် အစီအစဉ် အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း တပ်မတော် တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

လေ့ကျင့်ခန်း ပြုလုပ်စဉ် ကာလအတွင်း သတ်မှတ် ဧရိယာမှ ၅ မိုင် ပတ်လည်အတွင်း ရေယာဉ်အမျိုးမျိုး ဖြတ်သန်းသွားလာခြင်း၊ ငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်ခြင်း မပြုရန်နှင့် လေယာဉ်၊ ရဟတ်ယာဉ်များ အမြင့်ပေ ၁၅,၀၀၀ အထက်မှသာ ပျံသန်းရန် တပ်မတော် (ရေ) က သတိပေးချက် ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ရေး လေ့ကျင့်မှု မတိုင်မီ မတ်လဆန်းပိုင်းကလည်း တပ်မတော် (ရေ) ၏ အနော်ရထာ စစ်ရေယာဉ်မှ ရေယာဉ်ပစ် ဒုံးပျံ တစ်စင်းကို အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ပြီး အဆိုပါ စမ်းသပ်မှုသို့ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ကိုယ်တိုင် တက်ရောက်ခဲ့ကြောင်း တပ်မတော် (ရေ) တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ဖေဖော်ဝါရီလ အတွင်းကလည်း တပ်မတော် ကြည်း၊ လေ အမြောက်နှင့် သံချပ်ကာ တပ်ဖွဲ့များ၏ ပူးတွဲစစ်ရေး လေ့ကျင့်မှု တစ်ရပ်ကို မိတ္ထီလာဒေသတွင် ပြုလုပ်ခဲ့ပြီး တပ်မတော်ကို နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် အဆင့်မီ တပ်မတော်အဖြစ် တည်ဆောက်သွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီလ အတွင်းက ပြောကြားထားသည်။

The Voice  , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment