Pages

Pages - Menu

Wednesday, March 5, 2014

ထီးချိုင့်တွင် စက်ရုံထွက် အနံ့ဆိုးများကြောင့် ဒေသခံအများစု အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားဟုဆို


RangonNewsDaily: March . 5 .2014
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် မောင်းကုန်း ကျေးရွာ အုပ်စုတွင် ဂရိတ်ဝေါ စားသောက်ကုန် လုပ်ငန်းစု ကုမ္ပဏီလီမိတက်ပိုင် သကြားစက်၊ အီသနော၊ မက်သနောစက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံနှင့် ဟွန်ဒါ မြန်မာသစ်ပါးလွှာ စက်ရုံများမှ ထွက်ရှိသော အနံ့ဆိုးများကြောင့် ဒေသခံအများစုမှာ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ်များလာကြောင်း အဆိုပါ မောင်းကုန်းကျေးရွာ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ အနံ့ဆိုးများကြောင့် ကျေးရွာ ရှိလူကြီးများ ပြီးခဲ့သည့် သုံးနှစ်ခန့်မှ စတင်ကာ အသက်ရှူမဝခြင်း၊ ကင်ဆာ အကျိတ်ကဲ့သို့ အကျိတ်အဖုများ ထွက်ခြင်း၊ ကလေးသူငယ် များတွင်လည်း အဖုများ၊ အကျိတ်များ ဖြစ်ပေါ်ခြင်း၊ မကြာခဏ ဖျားခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များက မသန်စွမ်း ကလေးများ မွေးဖွားလာခြင်းတို့ ခံစားနေရကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ယင်းကျေးရွာတွင် ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း အာခေါင်ကွဲ၊ လျှာကွဲနေသော ကလေးများ မွေးဖွားလာသည်မှာ ခြောက်ဦးခန့်ရှိပြီး စက်ရုံစွန့်ပစ်ရေ များကြောင့် ကျွဲ၊ နွားများပါ သေကျေ ပျက်စီးလာသဖြင့် သက်ဆိုင်ရာ စက်ရုံ တာဝန်ရှိသူများ အနေနှင့် စွန့်ပစ်ရေနှင့် အနံ့ဆိုးများ အမြန်ဆုံး ပပျောက်အောင် ဆောင်ရွက်စေလိုကြောင်း ဒေသခံများက တညီတညွတ်တည်း ပြောကြားသည်။

“အစကအနံ့တွေဆိုရင် မခံနိုင်ဘူး။ မူးကနဲမိုက်ခနဲ ဖြစ်တယ်။ အခုအနေကြာလာတော့ အနံ့က ယဉ်သလိုလိုတော့ ဖြစ်လာတယ်။ ဒီအနံ့တွေနဲ့ ဆိုင်မဆိုင်တော့ မသိဘူး။ ကိုယ်ဝန်ဆောင်တွေက ဒုက္ခိတလေးတွေ၊ မသန်စွမ်းလေးတွေ မွေးလာတယ်။ အသက်ရှူမဝတာတို့ ကလေးတွေမှာ ဘုတွေ၊ တီဘီအကျိတ်လို ဟာတွေ ဖြစ်လာတယ်” ဟု မောင်းကုန်း ဒေသခံ ဦးမြင့်လှိုင်က ဆိုသည်။

ယင်းကဲ့သို့သော အနံ့အသက် များကြောင့် အသက်ရှူရာတွင် အောက်ဆီဂျင် နည်းလာပြီး အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများနှင့် ရင်ကျပ်ရောဂါများ ဖြစ်ပွားနိုင်ကြောင်း မြန်မာအစိမ်းရောင် ကွန်ရက်မှ ဓာတုဗေဒဆိုင်ရာ ပညာရှင် ဒေါက်တာခင်မောင်ညိုက ပြောကြားသည်။
“ဒီအနံ့ဆိုးတွေက ကျွန်တော်တို့ စက်ရုံက အနံ့မဟုတ်ပါဘူး တခြားကနေပါလိမ့်မယ်။ ကျွန်တော်တို့က ပြီးခဲ့တဲ့ ဇွန်လကစပြီးတော့ နိုင်ငံခြား ကုမ္ပဏီတစ်ခုနဲ့ အနံ့ဆိုးပျောက်အောင် သိန်းရှစ်ထောင်ကျော် အကုန်အကျခံပြီး လုပ်ကိုင် ဆောင်ရွက်ထားပါတယ်” ဟု ဂရိတ်ဝေါ ကုမ္ပဏီ အကြံပေးအရာရှိ ဦးအေးကျော်က ဆိုသည်။

အဆိုပါစက်ရုံများမှ အနံ့ဆိုးများအပြင် ဧရာဝတီ မြစ်အတွင်းသို့ စက်ရုံများမှ စွန့်ပစ်ရေများကို စွန့်ပစ်နေသဖြင့် ဒေသတွင်းရှိ နတ်အင်း၊ ကတူးအင်း၊ မလှိုင်ကြံအင်း၊ ငါးဗျစ်တောက် အင်းများထဲသို့ ယင်းရေများ စီးဝင်ကာ ငါးနှင့် ပုဇွန်များသေကျေခြင်း၊ သားငါး ရှားပါးလာခြင်းများ ဖြစ်ပေါ်လျက် ရှိကြောင်း ယင်းကျေးရွာ ဒေသခံများက တညီတညွှတ်တည်း ပြောကြားသည်။

ဧရာဝတီမြစ်အတွင်း ရေဆိုး စွန့်ပစ်မှုကြောင့် မြစ်အတွင်းငါး၊ ပုစွန်မျိုးစိတ်များ သေကျေနိုင်ကာ သဘာဝ ပတ်ဝန်းကျင်ကိုလည်း ထိခိုက်နိုင်ကြောင်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင် တစ်ဦးဖြစ်သူ ဒေါ်ဒေဝီသန့်စင်က ပြောကြားသည်။

အဆိုပါ ဂရိတ်ဝေါ သကြားစက်ရုံကို ၂၀၀၆ ခုနှစ်၊ ဓာတ်မြေသြဇာ စက်ရုံကို ၂၀၀၉ ခုနှစ်နှင့် သစ်ပါးလွှာစက်ရုံကို ၂၀၁၀ ပြည့်နှစ် မတ်လတို့တွင် စတင်တည်ထောင်ခဲ့သည်။

The Voice , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment