RangonNewsDaily: March . 10 .2014
ခရိုင်းမီးယားတွင် ရုရှားတပ်များ ဖြန့်ကျက်လှုပ်ရှားနေစဉ် အတောအတွင်း ယူကရိန်းတပ်ဖွဲ့များ အနေဖြင့်မူ မည်သည့်လမ်းကြောင်းသို့ ဦးတည်ရမည်ကို မဆုံးဖြတ်နိုင်ဘဲ ဇဝေဇဝါ ရှိနေကြောင်း သိရသည်။ ရုရှားသည် ယူကရိန်းတွင် သမ္မတ ဗစ်တာ ယာနူကိုဗစ်ခ်ျ အစိုးရ ပြုတ်ကျပြီးနောက် ယူကရိန်းရှိ ရုရှားမျိုးနွယ်များကို ကာကွယ်ရန်ဆိုသော အကြောင်းပြချက်ဖြင့် ခရိုင်းမီးယားကို ကျူးကျော်ခဲ့ခြင်း ဖြစ်သည်။ သောကြာနေ့တွင် ခရိုင်းမီးယား ဒေသ၏ လေတပ်ဗဟိုဌာနချုပ်ကို ရုရှားစစ်တပ်က သိမ်းပိုက်စီးနင်းလိုက်သည်။
ထို့အတူ ရုရှားတပ်များသည် ခရိုင်းမီးယားတွင် ဆက်လက်၍ လှုပ်ရှားဖြန့်ကျက်နေဆဲ ဖြစ်သော်လည်း ယူကရိန်း စစ်တပ်များ အနေဖြင့်မူ မည်သို့တုံ့ပြန် လုပ်ဆောင်ရမည်ကို မဝေခွဲနိုင်ဘဲ ဖြစ်နေသည်။
ခရိုင်းမီးယားရှိ ယူကရိန်း တပ်များတွင် ရုရှားလိုလားသူများလည်း ပါဝင်နေရာ စစ်မှုထမ်းများ အနေဖြင့် ကျူးကျော်သူများကို တုံ့ပြန်တိုက်ခိုက်ရန်၊ သို့မဟုတ် လက်နက်ချ အညံ့ခံ ပူးပေါင်းရန်၊ သို့မဟုတ် ထွက်ပြေးတိမ်းရှောင်ရန် နည်းလမ်းတစ်ခုခုကို မစဉ်းစားနိုင်ဘဲ ဖြစ်နေကြောင်း သိရသည်။
ယူကရိန်းစစ်သား အများအပြားသည် ပစ်ခတ်မှု လုံးဝမရှိဘဲ ဘန်ကာများအတွင်း ဝင်ရောက်နေရာယူကာ ပိတ်ဆို့ထားသည်။ ပင်လယ်နက်ကမ်းခြေ (၂)ကီလိုမီတာမျှ အကွာရှိ လေတပ်ထိန်းချုပ်မှု အခြေစိုက် စခန်းတွင် ရုရှားကွန်မန်ဒို (၂)ဒါဇင်မျှ အင်အားသုံး ဝင်ရောက်လာချိန်တွင် ယူကရိန်း စစ်သားများက မဟန့်တားနိုင်ဘဲ စိတ်ပျက်လက်ပျက်သာ စောင့်ကြည့်နေခဲ့သည်။
“ကျွန်တော်တို့ လက်နက်တွေကို သုံးခွင့်မရဘူးလေ”ဟု ခရိုင်းမီးယားရှိ ယူကရိန်း လေတပ် ဗိုလ်မှူးကြီး ဗလာဒီမာ ယာရမ်ချက်ခ်က အခြေအနေကို ရှင်းပြသည်။ “တစ်ချက်စပစ်လိုက်ရင် ရန်စသလို ဖြစ်သွားလိမ့်မယ်။ ပထမဆုံး သွေးမြေကျလိုက်တာနဲ့ ရုရှားစစ်သားတွေက ဒီကိစ္စကို အပြတ်ရှင်းကြလိမ့်မယ်”ဟု ၎င်းက ဝန်ခံခဲ့သည်။
ယူကရိန်း၏ ရေတပ်စစ်ဦးစီးချုပ်သည် ရုရှားဘက်သို့ ခိုလှုံခဲ့ပြီးဖြစ်သလို ယူကရိန်းစစ်သည် အများအပြားသည် ၎င်းတို့၏ လက်နက်များကို ရုရှားတို့ထံ အပ်နှံခဲ့ရကြောင်းလည်း သိရှိရသည်။
Planet Myanmar Network , kolatt(PBDN)
RangonNewsDaily



No comments:
Post a Comment