Pages

Pages - Menu

Monday, March 31, 2014

မီတာခ တိုးမြှင့်ကောက်ခံမည့် ဧပြီ ၁ ရက်မတိုင်မီ ရန်ကုန်မြို့ရှိ မြို့နယ်များ၌ ဓာတ်အားပြတ်တောက်မှု ဆက်တိုက်ဖြစ်ပေါ်


RangonNewsDaily: March . 31 .2014
မြန်မာနိုင်ငံတွင် လူဦးရေအများဆုံး နေထိုင်သည့် ရန်ကုန်မြို့တော်၌ ယခုနှစ် နွေရာသီတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရန် လုပ်ဆောင် သွားမည်ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက မတ်လ ၇ ရက်နေ့က အတည်ပြု ပြောကြားခဲ့သော်လည်း ရန်ကုန်မြို့တော်တွင် မတ်လ တတိယပတ်မှ စတင်ကာ မီးပြတ်တောက်မှုများ မကြာခဏ ဖြစ်ပွားနေကြောင်းမြို့ခံများကပြောကြားသည်။

ရန်ကုန်မြို့တော် မြို့နယ်များတွင် မတ်လ ၂၆ ရက်နေ့ နောက်ပိုင်းမှစ၍ တစ်ရက်လျှင် အနည်းဆုံး တစ်ကြိမ်မှ သုံးကြိမ်အထိ နေ့စဉ် လျှပ်စစ်မီး ပြတ်တောက်မှု ဆိုးဝါးလာနေကြောင်း ၎င်းတို့က ပြောကြားသည်။

“မီတာခ တိုးကောက်တာကို ဖယောင်းတိုင်ကိုင် ဆန္ဒပြတဲ့ မတ်လ ၂၆ ရက်နေ့က ကျောက်တံတား မြို့နယ်မှာ ညဦးပိုင်းက မီးပြတ်နေတယ်” ဟု ၃၈ လမ်းတွင်နေထိုင်သူ အမျိုးသားတစ်ဦးက ဆိုသည်။

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုသည် သက်ဆိုင်ရာ မြို့နယ်များတွင် သစ်ပင်များ ခုတ်ခြင်း၊ ဓာတ်အားတိုင်များ လဲလှယ်ခြင်းနှင့် ဓာတ်ကြိုး အသစ်များ သွယ်တန်းခြင်းများကြောင့် ဖြစ်နိုင်ပြီး ယခင်နှစ် နွေရာသီတွင် လျှပ်စစ်ဓာတ်အား မလုံလောက်မှုများ ရှိခဲ့သော်လည်း ယခုနှစ်တွင် ယင်းကဲ့သို့ လျှပ်စစ်ဓာတ်အား မလုံလောက်မှု ပြဿနာ မရှိတော့ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ဒီကိစ္စက သက်ဆိုင်ရာ မြို့နယ်တွေရဲ့ လျှပ်စစ်ဓာတ်အားပေး ဌာနတွေနဲ့ပဲ ဆိုင်တယ်။ ကျွန်တော်တို့ဆီကတော့ အလုံအလောက် ပေးထားတာပဲ” ဟု ရန်ကုန်မြို့ကို အဓိက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေသည့် အဆိုပါ တာဝန်ရှိသူက ဆက်လက် ပြောကြားသည်။

အချို့ မြို့နယ်များတွင် တစ်ကြိမ်ပျက်လျှင် သုံးနာရီခန့်ပင် ကြာမြင့်တတ်ပြီး ထမင်းဟင်း ချက်ပြုတ်ရာနှင့် အခြားသော နေထိုင်ရေး ကိစ္စများတွင် အခက်အခဲများ ဖြစ်ရကြောင်း မြောက်ဥက္ကလာပမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူများက ဆိုသည်။

“တစ်ခါပျက်ရင် တစ်နာရီလောက် ကြာတယ်။ မနက်ပိုင်း၊ နေ့ပိုင်း၊ ညပိုင်း သုံးခါ ပျက်တယ်” ဟု မြောက်ဒဂုံမြို့နယ် ၃၁ ရပ်ကွက်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနှစ် လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် ၉၀၀ မဂ္ဂါဝပ်အထိ ရှိပြီး လျှပ်စစ်ဓာတ်အား စုစုပေါင်းပမာဏ ၄၄၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သေးကြောင်း၊

လိုအပ်သော လျှပ်စစ်ဓာတ်အားကို ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံများမှ ၂၃၀ KV ဓာတ်အားလိုင်းဖြင့် ရယူသုံးစွဲပေးလျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်တွင် မတ်လ ၇ ရက်နေ့က ပြုလုပ်သော ၁၃ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားပေး စက်ရုံ ဖွင့်ပွဲတွင် ပြောကြားခဲ့သည်။

ရန်ကုန်မြို့ကို လျှပ်စစ်ဓာတ်အား လုံလောက်စွာ ပေးနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်တွင် ၁၂၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားပေး စက်ရုံ (Combined Cycle Power Plant)၊ သာကေတ၊ ရွာမနှင့် လှော်ကားတွင် ၅၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားပေး စက်ရုံ (Gas Engine Power Plant) တစ်ရုံစီ တည်ဆောက်လျက်ရှိရာ ပြီးစီးခါနီး ဖြစ်သောကြောင့် ယခုနှစ်အတွင်း လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်မည်ဟုလည်း ၎င်းက ဆိုခဲ့သေးသည်။

လျှပ်စစ်ဓာတ်အား သုံးစွဲခများကို လာမည့် ဧပြီလ ၁ ရက်နေ့မှ စတင်ကာ တိုးမြှင့်သတ်မှတ်ရန် ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ပြီးနောက်တွင် ရန်ကုန်နှင့် မန္တလေးမြို့တို့၌ ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပွားခဲ့သည်။

The Voice ::--kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment