Pages

Pages - Menu

Sunday, March 16, 2014

ရဲတပ်ဖွဲ့နှင့် ပဋိပက္ခ ဖြစ်ပွားခဲ့သည့် ယင်းမာပင်ဒေသခံများ နှစ်ရက် ဆက်တိုက် ဆန္ဒထုတ်ဖော်


RangonNewsDaily: March . 16 .2014
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင် မြို့နယ်ကို ဖြတ်သန်းသွားသည့် မုံရွာ-ပုသိမ် ကားလမ်းမကြီးဘေးရှိ အမှတ် (၂၈) ရဲတပ်ရင်း ဆောက်လုပ်ရန်မြေရှင်းရာမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပဋိပက္ခ ဖြစ်ပွားခဲ့သည့် အုံတုံပင် ကျေးရွာဒေသခံများ မြေယာပြန်လည် ရရှိရေးအတွက် တရားဝင် ခွင့်ပြုချက်ဖြင့် နှစ်ရက်ဆက်တိုက် ဆန္ဒထုတ်ဖော် ခဲ့ကြောင်း ယင်းဒေသခံများက ပြောကြားသည်။
မြေယာ ပြန်လည် ရရှိရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ရာတွင် လူအင်အား ၁၅၀ ပါဝင်ခဲ့ပြီး ပထမနေ့ (မတ်လ ၁၄ရက်နေ့) တွင် အုံတုံပင် ကျေးရွာမှ မုံရွာ - ပုသိမ် လမ်းမကြီးအတိုင်း မုံရွာ - ယာကြီးလမ်းဆုံထိ ဆန္ဒဖော်ထုတ်ခဲ့ကာ ဒုတိယနေ့ (မတ်လ ၁၅ရက်နေ့) တွင် ယင်းမာပင်မြို့နယ် ဆည်မြောင်း ဦးစီးဌာနရုံးရှေ့၌ ဆန္ဒထုတ်ဖော် ခဲ့ကြသည်ဟု ၎င်းတို့ကဆိုသည်။

“အုံတုံပင် ကျေးရွာဆိုတာ အိမ်ခြေ ၅၀ ပဲရှိတဲ့ ထန်းတက်စားရတဲ့ ရွာလေးပါ။ ထန်းပင်တွေကို ဘူဒိုဇာတွေနဲ့ ထိုးလှဲပစ်တာကြောင့် မခံနိုင်လို့ခုလို ဆန္ဒဖော်ထုတ်ရတာပါ” ဟု ယင်းဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သည့် အသက် ၅၀ ခန့်ရှိ ဒေသခံ အမျိုးသမီးကြီးတစ်ဦးက ပြောကြားသည်။


ဒေသခံများက တောင်းဆိုချက် ၈ ချက် ပါဝင်ခဲ့ရာ တို့မြေတို့ယာ ပြန်ရရေး၊ မြန်မာ့ လယ်ယာမြေစနစ် ခိုင်မြဲရေး၊ ဥပဒေမဲ့ မြေယာသိမ်းဆည်းမှု အလိုမရှိ၊ ခေါင်းပုံဖြတ် မြေပွဲစားအလိုမရှိ၊ ဆင်းရဲသားဦးရေ တိုးပွားစေသည့် တိုးချဲ့မြေသစ်စီမံကိန်း အလိုမရှိ၊ အာဏာပိုင်များ အမြတ်ထုတ်သည့် တိုးချဲ့ မြို့သစ်စီမံကိန်း အလိုမရှိ၊ မြေပွဲစားများ အမြတ်ထုတ်သည့် တိုးချဲ့မြို့ကွက်စီမံကိန်း အလိုမရှိနှင့် ထန်းပင် လျော်ကြေး ချက်ချင်းပေးတို့ ပါဝင်ကြောင်း ယင်းဆန္ဒဖော်ထုတ်ပွဲ၌ ပါဝင်ခဲ့သူများထံမှ သိရသည်။


ရဲတပ်ရင်း အမှတ် (၂၈) တည်ဆောက်ရန် ယာမြေများနှင့် ထန်းပင်များကို ဘူဒိုဇာဖြင့် ဖျက်ဆီးခဲ့ခြင်းကြောင့် မတ်လ ဒုတိယပတ်အစက ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံ ရွာသားများ ပဋိပက္ခ ဖြစ်ခဲ့ရာ ဒေသခံငါးဦးနှင့် သံဃာတစ်ပါး ယာယီ ထိန်းသိမ်းခံခဲ့ရပြီးနောက် တရားဝင် ဆန္ဒဖော်ထုတ်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

The Voice  , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment