Pages

Pages - Menu

Thursday, February 27, 2014

ရုရှား အနောက်ပိုင်း ဒေသရှိ တပ်ဖွဲ့ဝင်များ စစ်ရေး အသင့်ရှိရန် သမ္မတပူတင် အမိန့်ပေး


RangonNewsDaily: February . 27 .2014
ယူကရိန်းနိုင်ငံ အရေးနှင့် ပတ်သက်ပြီး ရုရှားနှင့် အနောက်နိုင်ငံများကြား တင်းမာမှုများ ပေါ်ပေါက်နေချိန်တွင် ရုရှားနိုင်ငံ အနောက်ပိုင်း ဒေသများရှိ တပ်ဖွဲ့ဝင်များ စစ်ရေး အသင့်ရှိမှုကို စမ်းသပ် စစ်ဆေးနိုင်ရန် သမ္မတပူတင်က တပ်လှန့်လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
“ရုရှား ဖက်ဒရေးရှင်း သမ္မတရဲ့ အမိန့်အတိုင်း အနောက်ဘက် စစ်ဒေသကြီးက တပ်ဖွဲ့ဝင်တွေကို ဒီနေ့ နေ့လယ် ၂ နာရီကနေ စတင် တပ်လှန့်လိုက်ပါပြီ” ဟု ကာကွယ်ရေး ဝန်ကြီး ဆာဂျီဆိုဂူက ပြောကြားသည်။

ရုရှားသမ္မတ ပူတင်မှာ သမ္မတ တာဝန် ပြန်လည် ထမ်းဆောင်ပြီးသည့် ၂၀၁၂ ခုနှစ် နောက်ပိုင်းမှစ၍ စစ်တပ်၏ စွမ်းရည် အသင့်ရှိစေရန် နိုင်ငံတစ်ဝန်းရှိ စစ်ဒေသများတွင် တပ်လှန့်မှု အသီးသီးကို ရုတ်တရက် ပြုလုပ်လေ့ ရှိသည်။

လက်ရှိ စစ်ရေးအသင့် ရှိရန် တပ်လှန့်လိုက်သည့် အနောက်ပိုင်း စစ်ဒေသမှာ ရုရှားနှင့် နေတိုး စစ်အုပ်စု နိုင်ငံများ ကြားတွင် ရှိသည့် ယူကရိန်းနိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသည့် ဒေသဖြစ်ပြီး ပထဝီ နိုင်ငံရေးရာအရ အရေးပါသည့် ဒေသဖြစ်သည်။

ဥရောပသမဂ္ဂနှင့် ပူးပေါင်းရေး လမ်းကို စွန့်ခွာပြီး ရုရှားနှင့် ပိုမို နီးကပ်စွာ ပူးပေါင်းရေး ရွေးချယ်ခဲ့သည့် ယူကရိန်း သမ္မတ ယာနျူကိုဗစ်ကို ပြည်သူများက ဆန္ဒပြ၊ ရာထူးမှ ဖြုတ်ချခဲ့ပြီး နောက်တွင် ယခုကဲ့သို့သော တပ်လှန့်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ယူကရိန်း နိုင်ငံ၌ ဖြစ်ပွားနေသော နိုင်ငံရေး အခြေအနေများနှင့် ပတ်သက်၍ ပူတင်က လက်ရှိ အချိန်ထိ တရားဝင် မှတ်ချက်ပေး ပြောကြားခြင်း မရှိသေးပေ။

ဆိုဗီယက် ပြည်ထောင်စုဝင်ဟောင်း နိုင်ငံတစ်ခု ဖြစ်သော ယူကရိန်း နိုင်ငံတွင်းသို့ စစ်ရေးအရ ဝင်ရောက် မစွက်ဖက်ရန် ရုရှားနိုင်ငံကို အမေရိကန်နှင့် ဥရောပ နိုင်ငံများက သတိပေးထားသည်။

သမ္မတ ပူတင်က ယူကရိန်း နိုင်ငံကို ညီအစ်ကိုတော် နိုင်ငံဟု ခေါ်ဆိုထားပြီး ရုရှား ဦးဆောင် ဖွဲ့စည်းမည့် ယူရေးရှား သမ္မတ အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ရန် လိုလားနေသည်။

ယူကရိန်း နိုင်ငံအရေးတွင် ဝင်ရောက် စွက်ဖက်မည် မဟုတ်ဟု ရုရှား အရာရှိများက ထုတ်ဖော် ပြောကြားနေပြီး အနောက်နိုင်ငံများမှာ ရုရှားကဲ့သို့ မဟုတ်ဘဲ ယူကရိန်းတွင် ဝင်ရောက် စွက်ဖက်နေကြောင်း စွပ်စွဲထားသည်။

သို့သော်လည်း ယူကရိန်း နိုင်ငံတွင်းရှိ ရုရှား အကျိုးစီးပွားများနှင့် ရုရှား ပြည်သူများမှာ ခြိမ်းခြောက် ခံနေရသည်ဟု ဝန်ကြီးချုပ် မက်ဗီဒက်က တနင်္လာနေ့တွင် သတိပေးလိုက်ပြီး ၂၀၀၈ ခုနှစ်အတွင်း ဂျော်ဂျီယာနိုင်ငံကို ရုရှား ဝင်ရောက် ကျူးကျော်စဉ်ကလည်း ယင်းကဲ့သို့သော အသုံးအနှုန်းမျိုးကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ယူကရိန်း နိုင်ငံရေး အခြေအနေများနှင့် ပတ်သက်ပြီး ရုရှားနှင့် အနောက်နိုင်ငံများကြား တင်းမာမှုများ ပေါ်ပေါက်နေချိန်တွင် ရုရှားအနောက်ပိုင်း စစ်ဒေသများ စစ်ရေး အသင့်ရှိရန် သမ္မတပူတင်က အမိန့် ပေးလိုက်ခြင်း ဖြစ်သည်။

The Voice , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment