Pages

Pages - Menu

Tuesday, February 11, 2014

ဘုရင့်နောင်မြစ်ကူး တံတားသစ်အတွက် သံဘောင်များ မတ်လ ရောက်မည်

RangonNewsDaily: February . 11 .2014
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ်နှင့် မရမ်းကုန်း မြို့နယ်တို့ကို ဆက်သွယ်ပေးမည့် ဘုရင့်နောင်မြစ်ကူး တံတားအမှတ် (၂) အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ တံတား သံဘောင်များ မတ်လ နောက်ဆုံးပတ်အတွင်း ရောက်ရှိမည် ဖြစ်ကြောင်း အဆိုပါ တံတား ဆောက်လုပ်ရေး စီမံကိန်း ဌာနထံမှ သိရသည်။တံတား သံဘောင်များကို လုပ်ငန်းသုံး ပစ္စည်းများ တင်သွင်းခွင့်ရသည့် တင်ဒါအောင် တရုတ် ကုမ္ပဏီထံမှ မှာယူတင်သွင်းခြင်း ဖြစ်ပြီး ယင်းသံဘောင်များ ရောက်ရှိမှသာ မြစ်လမ်းကြောင်း ဘေးနှစ်ဖက်ရှိ ရေလမ်းကြောင်း ထိန်းသိမ်း ထားခြင်းများကို ထောက်တိုင်များ ဖြုတ်၍ ပြန်လည် ဖွင့်လှစ်မည်ဖြစ်ကြောင်း တံတားစီမံကိန်း ဌာနထံမှ သိရသည်။
“အခုတော့ ဘေးနှစ်ဖက်ကို မဖွင့်သေးပါဘူး။ ပစ္စည်းတွေ ရောက်ပြီး တပ်ဆင်ပြီးမှ ပြန်ဖွင့်ပေးမှာပါ။ အခုလောလောဆယ် ဘေးနှစ်ဖက်က ပိတ်ဆို့ထားတာ မဟုတ်ပါ ဘူး။ ရေလမ်းကြောင်း ထိန်းသိမ်း ကွပ်ကဲပေးတဲ့ သဘောမျိုးပါ” ဟု တံတား ဆောက်လုပ်ရေး အဖွဲ့ (၅) မှ အင်ဂျင်နီယာမှူးကြီး ဦးတင့်လွင်က ပြောကြားသည်။

ဘုရင့်နောင် တံတားအမှတ် (၂) ကို ၂၀၁၂ ခုနှစ်အတွင်း စတင် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ယခုနှစ် ဇူလိုင်လတွင် အပြီးသတ်နိုင်မည် ဖြစ်ကာ ယခုအချိန်အထိ ၈၉ ရာခိုင်နှုန်း ဆောက်လုပ် ပြီးစီးပြီ ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါ တံတား ဆောက်လုပ်ခြင်းကို ပြည်တွင်း အင်ဂျင်နီယာများက တာဝန်ယူ တည်ဆောက်ခြင်း ဖြစ်ပြီး သံဘောင်များနှင့် တံတား ဆောက်လုပ်ရေး ပစ္စည်းများကိုမူ တင်ဒါအောင် တရုတ်ကုမ္ပဏီ တစ်ခုထံမှ မှာယူ တင်သွင်းခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းတံတား ဆောက်လုပ်ရာတွင် ကနဦး ကုန်ကျငွေအဖြစ် ကျပ် ၃၀ ဘီလီယံခန့် ကုန်ကျမည် ဖြစ်ပြီး ယခင် ဘုရင့်နောင် တံတားနှင့် ယှဉ်လျက် ပေ ၂၀၀ ခန့် အကွာတွင် ဆောက်လုပ်ထားခြင်း ဖြစ်ကြောင်း တံတား တည်ဆောက်ရေး အဖွဲ့ထံမှ သိရသည်။

The Voice  , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment