Pages

Pages - Menu

Saturday, February 8, 2014

ရွှေတိဂုံစေတီတော်တွင် အမျိုးသမီးတစ်ဦး သေကြောင်းကြံစည်

RangonNewsDaily: February . 7 .2014
ရွှေတိဂုံစေတီတော်ရင်ပြင် အရှေ့ဘက်ရှိ ရေကြည်တော်အသင်း တန်ဆောင်းတွင် ဇန်နဝါရီလ ၃၀ ရက် ည ၉ နာရီခွဲခန့်က အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပိုလို ပိုးသတ်ဆေး သောက်ကာ သေကြောင်း ကြံစည်ခဲ့ကြောင်း ဒဂုံမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ကြည့်မြင်တိုင်မြို့နယ်၊ ဘောဂရပ်ကွက်၊ ဗားကရာလမ်းတွင် နေထိုင်သူ အမျိုးသမီးသည် အဆိုပါ တန်ဆောင်းတွင် ပိုလိုဆေးသောက်ပြီး မေ့မြောနေသည်ကို ဘုရားဖူး လာရောက်သူများက တွေ့ရှိခဲ့ပြီး စေတီတော် လုံခြုံရေးအဖွဲ့ကို အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ပိုလို ကြမ်းပိုးသတ်ဆေး သုံးဘူးပါလာတာ။ နှစ်ဘူးကို သောက်ပြီး သတိလစ် လဲကျနေတာကို ဘုရားဖူးလာသူတွေက အိပ်နေတယ်လို့ ထင်နေရာက အမျိုးသမီး တစ်ယောက်က သူ့ဘေးမှာ မဖွင့်ရသေးတဲ့ ပိုလိုဆေးဘူးကို တွေ့တာကြောင့် အဆိပ်သောက်ပြီး သတိလစ်နေတယ်ဆိုတာ သိလို့ ဘုရားလုံခြုံရေး အဖွဲ့ကို လာအကြောင်း ကြားခဲ့တာ” ဟု ဘုရားလုံခြုံရေး အဖွဲ့ဝင်တစ်ဦးက ရှင်းလင်း ပြောကြားသည်။

ပိုလိုဆေးသောက်ကာ သေကြောင်း ကြံစည်သော အမျိုးသမီးသည် မိသားစု အိမ်တွင်းရေး အဆင်မပြေမှု များကြောင့် စိတ်ဆင်းရဲပြီး မိမိကိုယ်ကိုယ် သေကြောင်း မကြံစည်မီ ဘုရား၌ လာရောက် ဆုတောင်းခဲ့ခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိရပြီး ၎င်းကို ဘုရားလုံခြုံရေးအဖွဲ့က ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသနိုင်မှုကြောင့် အသက်အန္တရာယ် မစိုးရိမ်ရတော့ကြောင်း ဒဂုံမြို့မ ရဲစခန်းထံမှ သိရှိရသည်။

မိမိကိုယ်ကိုယ် သေကြောင်း ကြံစည်ခဲ့သော အမျိုးသမီးကို ဒဂုံမြို့မ ရဲစခန်းမှ (ပ)၂၆/၁၄၊ ပုဒ်မ ၃၀၉ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

The Voice , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment