Pages

Pages - Menu

Wednesday, February 26, 2014

မြောက်ဥက္ကလာပမြို့နယ် နွယ်သာကီ(၃)လမ်း၌ နေအိမ်ခုနစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကို မြင်တွေ့၍ တစ်ဖက်လမ်းတွင် နေထိုင်သူ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး သေဆုံး

မီးလောင်ကျွမ်းခဲ့သည့် နေအိမ်တစ်လုံးကို တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
RangonNewsDaily: February . 26 .2014
မြောက်ဥက္ကလာပမြို့နယ် နွယ်သာကီ ၃ လမ်းတွင် ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၅ နာရီခန့်က နေအိမ်ခုနစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ၎င်းမီးလောင်ကျွမ်းမှု ဖြစ်စဉ်ကို မြင်တွေ့ခဲ့သည့် တစ်ဖက်လမ်းတွင်နေထိုင်သူ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး သတိလစ်လဲကျကာ ဆေးရုံသို့ တင်ပို့ခဲ့ပြီးနောက် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဝေဘာဂီရဲစခန်းမှ စုံစမ်းသိရှိရသည်။
မီးလောင်ကျွမ်းမှုဖြစ်စဉ်မှာ မြောက်ဥက္ကလာပမြို့နယ် (က)ရပ်ကွက် နွယ်သာကီ (၃)လမ်း အမှတ်(၅၉၇) ပျဉ်ထောင်နှစ်ထပ်အိမ်မှ စတင်လောင်ကျွမ်းခဲ့ပြီး အနီးရှိ နေအိမ်ခြောက်လုံးသို့ ကူးစက်လောင်ကျွမ်းခဲ့ကာ မီးလောင်ကျွမ်းရခြင်း အကြောင်းရင်းမှာ ထင်းမီးဖိုဖြင့် မုန့်ဟင်းခါးချက်ရာမှ အနီးရှိ အထပ်သားအား မီးကူးစက်၍ လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။

ဝေဘာဂီနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက “မီးလောင်ကျွမ်းမှုဖြစ်စဉ်ကို မြင်တွေ့ပြီး နွယ်သာကီ ၄ လမ်းမှာနေတဲ့ အသက် ၆၀ ကျော် အမျိုးသားတစ်ဦး သတိလစ် လဲကျသွားတယ်။ နောက်ဆေးရုံကိုပို့ပြီး ဆုံးသွားပါတယ်။ ကျွန်တော်ထင်တာကတော့ နှလုံးရောဂါအခံရှိလို့ အကြောက်လွန်ပြီး ရှော့ခ်ရသွားတာဖြစ်မယ်” ဟု ပြောကြားသည်။

မီးလောင်ကျွမ်းခံခဲ့ရသည့် နေအိမ်ပိုင်ရှင် တစ်ဦးဖြစ်သူ ကိုစိုးမိုးက “ကျွန်တော့်အိမ်လည်း မီးထဲပါသွားပါတယ်။ မီးစလောင်တဲ့အိမ်ရဲ့ နောက်ဖေးဆောင်မှာ မုန့်ဟင်းခါးချက်တာကနေ စလောင်တယ်လို့ပြောတယ်။ ဒါပေမဲ့ သိတဲ့အချိန်က မီးညွန့်ကကြီးနေပြီ။ သူတို့က ကျိတ်ပြီးငြှိမ်းနေတာ မနိုင်တော့မှ ပတ်ဝန်းကျင်ကို အကူညီအော်တောင်းတာ။ နောက်ပြီး မီးလောင်တာကိုမြင်တဲ့ အနောက်လမ်းက အသက် ၆၀ လောက်ရှိတဲ့ အမျိုးသားတစ်ဦး လဲကျပြီး ဆုံးသွားတယ်။ အိမ်ချင်းကနီးနေတော့ နှလုံးရှော့ခ်ရသွားတယ်လို့ ထင်တယ်။ မီးလောင်မှုဖြစ်ပွားတဲ့ အိမ်ရှေ့ကတစ်ယောက်ကလည်း သတိလစ်သွားလို့ ဆေးရုံပို့လိုက် ရပါသေးတယ်” ဟု ပြောကြားသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကို နံနက် ၅ နာရီခွဲခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်ကျွမ်းရာသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ မီးသတ်ယာဉ် ၃၅ စီး လာရောက်မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။ မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေခုနစ်လုံးမှ အိမ်ထောင်စု ၁၀ စုမှာ မြောက်ဥက္ကလာပမြို့နယ် (က)ရပ်ကွက် နွယ်သာကီလမ်းမကြီးရှိ လူထုမြတ်ပဋ္ဌာန်းဓမ္မာရုံ၌ ယာယီနေထိုင်နေရကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့သည့် နေအိမ်ပိုင်ရှင်ဖြစ်သူအား ဝေဘာဂီနယ်မြေရဲစခန်းက (ပ)၆၁/၁၄၊ ပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားသည်။

Eleven Media  , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment