Pages

Pages - Menu

Tuesday, February 25, 2014

မောင်တောမြို့နယ်တွင် နယ်မြေရဲစခန်းလေးခု ထပ်မံတိုးချဲ့မည်


RangonNewsDaily: February . 25 .2014
ရန်ကုန်၊မဇ္ဈိမ။ ။ မောင်တောဒေသ လုံခြုံရေးတိုးမြင့်ရန်အတွက် နယ်မြေရဲစခန်းလေးခု ထပ်မံတိုးချဲ့ရန်ရှိသည်ဟု မောင်တောခရိုင် ရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက ဖေဖော်ဝါရီလ ၂၅ ရက်တွင် မဇ္ဈိမကို ပြောသည်။
မောင်တောဒေသတွင် ဒုချရားတန်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲတပ်သားများ တိုက်ခိုက်ခံရမှုများဖြစ်ပေါ်ခဲ့ရာ ဒေသခံလူထုက လုံခြုံရေးတိုးမြှင့်ပေးရန် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို တင်ပြခဲ့သည်။

“မြေတိုင်းတဲ့အဆင့်ပဲ ရှိပါသေးတယ်။ ကျန်တာတော့ ပြောလို့မရသေးပါဘူး”ဟု အဆိုပါ ရဲဝန်ထမ်းက မဇ္ဈိမကိုပြောသည်။

အဆိုပါ ရဲစခန်းများကို မောင်တောမြို့နယ်တောင်ပိုင်း အင်းဒင်၊ အလယ်သံကျော်၊ သရေကုန်းဘောင်ကျေးရွာနှင့် မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျီးကန်းပြင်ကျေးရွာတို့တွင် ထပ်မံတည်ဆောက်သွားရန် မြေယာတိုင်းတာမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု မောင်တောခရိုင်ရဲတပ်ရင်းမှ တာဝန်ရှိသူကပြောသည်။

ရဲစခန်းသစ်များဖွင့်လှစ်ရန်အတွက် ရဲမှူးချုပ် တင်ကိုကိုက ဦးစီးဆောင်ရွက်လျှက်ရှိပြီး ဒေသတွင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေးအတွက် တိုးမြှင့်ဆောင်ရွက်သွားရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ယင်းကပြောသည်။

မောင်တောဒေသတွင် ရဲတပ်ရင်း တိုးချဲ့ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ မောင်တောဒေသခံဖြစ်သူ ဦစောသာရွှေက “ရဲတပ်ရင်းတိုးချဲ့ရုံမက ခေတ်မှီ လက်နက်ကရိယာတွေကိုလည်း တပ်ဆင်ပေးဖို့လိုပါတယ်”ဟု မဇ္ဈိမကိုပြောသည်။

၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁၃ ရက်က မောင်တောမြို့နယ် ခရေမြိုင်ရဲကင်းမှ ရဲတပ်ကြပ်ကြီးအောင်ကျော်သန်းသည် လုံခြုံရေးဝန်ထမ်းများနှင့် အတူ ကင်းလှည့်စဉ် ဒုချရားတန်းကျေးရွာတွင် ဘင်္ဂလီများနှင့် တိုက်ခိုက်မှုများဖြစ်ပွားပြီး ပျောက်ဆုံးခဲ့သည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောနယ်စပ်ဒေသများကို ယခင်က နယ်စပ်ဒေသ လူဝင်မှုကွက်ကဲရေး ဌာနချုပ်(န.စ.က)က တာဝန်ယူခဲ့ပြီး ဇူလိုင် ၁၂ရက်က နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာထုတ်ပြန်၍ ဖျက်သိမ်းခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က နယ်စပ်ဒေသလုံခြုံရေးကိုတာဝန်ယူခဲ့သည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment