Pages

Pages - Menu

Thursday, February 20, 2014

ကမ္ဘာကျော် ဦးပိန်တံတားကြီး ရှေးမူမပျက် ပြန်လည်ပြုပြင်မည်

RangonNewsDaily: February . 20 .2014
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ ကမ္ဘာကျော်သစ်သားတံတား ကြီးဖြစ်သည့် ဦးပိန်တံတားကြီးအား ရှေးမူမပျက် ပြန်လည်ပြုပြင်မွမ်းမံမှု လုပ်ငန်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ သိရသည်။
အမရပူရမြို့နယ်အတွင်းရှိ တောင်သမန်အင်းကို ဖြတ်ကျော်၍ အမရ ပူရမြို့ဟောင်းနှင့် ရတနာပုံတက္ကသိုလ်ကို ဆက်သွယ် တည်ဆောက်ထားပြီးနှစ်ပေါင်း ၁၅၀ ကျော် သက်တမ်းရှိသည့် ဦးပိန်တံတားကြီးမှာ ယခုအခါကြံ့ခိုင်မှု အားနည်းနေသောကြောင့် ရှေးဟောင်းသုတေသနနှင့် အလှူရှင်များ၊ အသင်းအဖွဲ့များ စုပေါင်းပြုပြင်ထိန်းသိမ်းရန် စီစဉ်ဆောင်ရွက်နေကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

"ဦးပိန်တံတားကြီးက မန္တလေးရောက် ပြည်ပခရီးသည်တွေအတွက် မလာမဖြစ်ပါပဲ။ အထူးသဖြင့် ညနေနေဝင် ချိန်ဆည်းဆာကို လာကြည့်တဲ့သူတွေ အရမ်းများတယ်။ ဒီလိုရာသီဆိုရင် ညနေတံတားပေါ်မှာ လူ ၁၀၀၀ ကျော်လောက် တက်ရောက်လည်ပတ် နေတဲ့အတွက် တံတားကြံ့ခိုင်မှုအရ စိုးရိမ်ဖွယ်ရာအခြေအနေ ဖြစ်ပေါ်နေပါတယ" ဟု ၎င်းကဆိုသည်။

အဆိုပါ ဦးပိန်တံတားကြီးကို ပြုပြင်ထိန်းသိမ်းရန်အတွက် စိတ်ပါဝင်စားသည့် အလှူရှင်များအနေဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် ရှေးဟောင်းလက်ရာများမထိခိုက်၊ မပျက်စီးစေဘဲ ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၎င်းက ဆက်လက်ပြောကြားသည်။

ကမ္ဘာတွင် မရှိသေးသည့် အရှည်ဆုံး သစ်သားတံတားကြီး ဖြစ်သည့်အပြင် ကျွန်းသစ်များဖြင့်သာ တည် ဆောက်ထားခြင်းကြောင့် နိုင်ငံတကာမှ စိတ်ဝင်စားခြင်းဖြစ်ကာ ပြုပြင်မှု လုပ်ဆောင်ရာတွင် လည်း ရှေးမူမပျက်ပြုပြင်နိုင်ရန်လိုအပ်ကြောင်း မန္တလေးမြို့ခံ ဦးစိန်မြင့် (ရွှေချည်ထိုး)ကသုံးသပ်ပြောကြားသည်။

"ရှေးမူမပျက်ဖြစ်ဖို့ဆိုရင် ကျွန်းသားစစ်စစ်တိုင်များနဲ့ လဲလှယ်ပြုပြင်မှသာ မူရင်းလက်ရာမပျက်မှာပါ။ လက်ရှိ ဦးပိန်တံတားမှာ အုတ်တိုင်တွေ အစားထိုးပြီး ပြုပြင်ထားတာကိုလည်း နိုင်ငံခြားသားခရီးသည်တွေ သတိပြု မိကြတယ်" ဟု ၎င်းက ပြောသည်။

သမိုင်းကြောင်းရှိသည့် အဆောက် အအုံဖြစ်သည့်အတွက် ရေရှည် တည်တံ့ခိုင်မြဲစေရန် ပြုပြင်ထိန်းသိမ်း ရန်လိုအပ်ကြောင်း မြန်မာမှုပညာရှင် ဦးဝင်းမောင်(တမ္ပ၀တီ)က အကြံပြုပြောကြားသည်။

ဦးပိန်တံတားကြီးသည် မြန်မာနှင့် ကမ္ဘာကျော်ရှုခင်းကောင်းတစ်ခုဖြစ်ပြီး အပန်းဖြေလေ့လာရန် နေရာကောင်း တစ်ခုလည်းဖြစ်သည်။ အဆိုပါ တံတားကြီးသည် အရှည်အားဖြင့် ၃၉၇၆ ပေရှိပြီး နားနေဇရပ် လေးဆောင်၊ ဖောင်ကြောင်းကိုးခု၊ တိုင်ပေါင်း ၉၈၄ တိုင်၊ အခန်းပေါင်း ၄၈၂ ခန်းဖြင့် ဖွဲ့စည်း တည်ဆောက်ထားကြောင်း သိရသည်။

MOI , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment