Pages

Pages - Menu

Wednesday, February 5, 2014

တပ်မတော်သားတစ်ဦးက ရော်ဘာအစေးခြစ် အမျိုးသမီးကို တုတ်ဖြင့်ရိုက်၍ ဦးနှောက်သွေးခဲ

RangonNewsDaily: February . 5 .2014
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝဲရပ်ကျေးရွာရှိ အမှတ်(၃၅၁) အမြှောက်တပ်ရင်း အနီး ရော်ဘာခြံအတွင်း ဇန်နဝါရီ ၂၇ ရက်နေ့ ညသန်းခေါင်ယံ အချိန်၌ ရော်ဘာအစေးခြစ်နေသည့် အသက် ၄၃ နှစ် အရွယ်အမျိုးသမီး တစ်ဦးကို ယင်းအမြှောက်တပ် ဒုတပ်ကြပ် ရဲလင်းထွန်းက ရိုက်နှက်ခဲ့ ခြင်းကြောင့် ဦးနှောက်သွေးခဲပြီးမော်လမြိုင် ဆေးရုံကြီးသို့ အရေးပေါ် တင်ပို့ခဲ့ရကြောင်း မွန်ဒီမိုကရေစီပါတီမှ ဒုတိယဥက္ကဋ္ဌ(၁) နိုင်သက်လွင်က ပြောကြားသည်။

တပ်မတော်သားက အဓမ္မပြုကျင့်ရန် အတွက် မျက်နှာကို ထိုးနှက်ခြင်း၊ ပါးစပ်ဖြင့်ကိုက်ခြင်း၊ တုတ်ဖြင့်ရိုက်ခြင်း ဖြစ်ကြောင်း အရိုက်ခံသူက ပြောဆိုသော်လည်း ယင်းအမြှောက်တပ်ရင်းမှ ဗိုလ်ကြီးအဆင့် ရှိသူက ရော်ဘာခြံအတွင်း သူခိုးအဖြစ်ဝင်၍ အရိုက်ခံရခြင်း ဖြစ်ကြောင်း ဆေးရုံတက် မှတ်တမ်းတွင် ဖော်ပြခဲ့သည်ဟု ယင်းအမျိုးသမီး၏ ယောက္ခမဖြစ်သူက ပြောဆိုသည်။

"ကျွန်တော်တို့ လင်မယား နှစ်ယောက်က နေ့တိုင်း မနက် ၂ နာရီဆို ရော်ဘာအစေး ထခြစ်ကြတယ်။ ရော်ဘာခြံက နှစ်ခြံဆိုတော့ တစ်ယောက်တစ်ခြံ ခြစ်တယ်။ ရော်ဘာခြံထဲ လဲနေတဲ့ ကျွန်တော် မိန်းမကို ပတ်ဝန်းကျင်က လူတွေက အုပ်ချုပ်ရေးမှူးအိမ် ပို့ပေးခဲ့တယ်။ ကျွန်တော့်မိန်းမ လဲခဲ့တဲ့နေရာမှာ ဒုတပ်ကြပ်ရဲလင်းထွန်းရဲ့ ကိုယ်ပိုင် နံပါတ်ပြားရယ်၊ ဆိုင်ကယ်သော့ တစ်ချောင်းရယ်၊ ဆိုင်ကယ်လိုင်စင်ရယ် ရခဲ့တယ်ဆိုတော့ အဓမ္မကျင့်ဖို့ ကြံတာလို့ပဲ ထင်တယ်" ဟု ရိုက်နှက်ခံရသူ၏ ခင်ပွန်း ဦးနိုင်လွန်းက ရှင်းပြသည်။

ယင်းသို့ အရိုက်ခံခဲ့ရသောကြောင့် အမှတ်(၃၅၁) အမြှောက်တပ်ရင်းမှ တာဝန် ရှိသူများက ကျပ်နှစ်သိန်း ပေးခဲ့သော်လည်း မော်လမြိုင်ဆေးရုံကြီး၌ပင် ဆေးကုသစရိတ် ကျပ်သုံးသိန်းကျော် ကုန်ကျခဲ့ပြီဖြစ်ကြောင်းနှင့် အုပ်ချုပ်ရေးမှူးရုံး တွင်လည်း လက်ဗွေ နှိပ်ထားရသည်ဟု ဦးနိုင်လွန်းက ထပ်လောင်း ပြောဆိုသည်။

"ဆရာဝန်တွေက ရန်ကုန်ဆေးရုံကြီးမှာ ကုဖို့ပြောတယ်။ အုပ်ချုပ်ရေးမှူးက လက်ဗွေနှိပ်ရမယ် ဆိုလို့ နှိပ်ပေးလိုက်တယ်။ စာမဖတ်တတ်တော့ ဘာရေးထားမှန်းလည်း မသိဘူး" ဟု ၄င်းကဆိုသည်။

အမှတ် (၃၁၅) အမြှောက်တပ်ရင်းမှ ဒုတပ်ကြပ်ရဲလင်းထွန်းကို သံဖြူဇရပ် ရဲစခန်းတွင် (ပ)၂၄/၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆/၅၁၁/၃၂၃ တို့ဖြင့် အမှု ဖွင့်ဆိုထားသော်လည်း တပ်မတော်သား ဖြစ်ခြင်းကြောင့် အရပ်ဘက်တရားရုံးနှင့် တပ်စည်းကမ်းဖြင့် တပ်မတော်ခုံရုံးတို့ သည် မည်သို့ အရေးယူမည်ကို မသိရသေးကြောင်း သံဖြူဇရပ်ရဲစခန်းမှ တာဝန်ရှိ ရဲတစ်ဦးက ပြောကြားသည်။

The Voice , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment