Pages

Pages - Menu

Sunday, February 23, 2014

ကျောင်းထိုင်ဆရာတော် ခန့်အပ်မှုနှင့် ပတ်သက်ပြီး သံဃာတော်များ အချေအတင်ဖြစ်

RangonNewsDaily: February . 23 .2014
နေပြည်တော်ကောင်စီ နယ်မြေ ဒက္ခိဏသီရိမြို့နယ် ရွှေအင်ကြင်း ရပ်ကွက်ရှိ ရတနာပင် စည်ဘုန်းတော်ကြီး ကျောင်းတွင် ကျောင်းထိုင် ဆရာတော် ခန့်အပ်ထားမှုကို မကျေနပ်၍ အစားထိုး ခန့်အပ်ရန် သံဃာအပါး ၄၀ ကျော်က ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ကျောင်းတိုက် နယ်မြေအတွင်း ဝင်ရောက်လာခဲ့ပြီး အချေအတင် ဖြစ်ပွား ခဲ့ကြောင်း ကျောင်းထိုင် ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။
ရတနာပင် စည်ဘုန်းတော်ကြီးကျောင်းအတွက် ကျောင်းထိုင် ဆရာတော်အဖြစ် ဦးဥတ္တရကို တိုင်းသာသနာရေး ဦးစီးဌာန၊ မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌနှင့် ရပ်ကျေး သံဃနာယက အဖွဲ့တို့က ဇန်နဝါရီလ ၂၅ ရက်နေ့မှစ၍ လုပ်ထုံး လုပ်နည်းနှင့်အညီ အပ်နှံခဲ့သည်ကို မကျေနပ်၍ ပေါက်မြိုင်ကျောင်းတိုက်နှင့် အင်ပုကျောင်းတိုက်မှ သံဃာများ လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း ဒက္ခိဏမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဦးပဏ္ဍိတက မိန့်ကြားသည်။

လက်ရှိတွင် ကျေနပ်မှု မရှိ၍ ဝင်ရောက် လာခဲ့သော သံဃာ ၄၀ ကျော်က သံဃာ ဦးဉာဏဝံသကို ၎င်းတို့၏ သဘောဆန္ဒအရ ကျောင်းထိုင် ဆရာတော် ဦးဥတ္တရနှင့် ယှဉ်တွဲ သီတင်းသုံးရန် ကျောင်းပေါ်တွင် ထားခဲ့ကြောင်း ရွှေအင်ကြင်း ရပ်ကွက်နေ ရပ်မိရပ်ဖ ဦးညွန့်ဝေက ပြောကြားသည်။

“ဦးပဉ္စင်းက ဒီကျောင်းမှာ တစ်ဝါဆိုခဲ့ဖူးတယ်။ ကျိုက်ထိုဘက်ကို ခရီးသွားနေလို့ မသိလိုက်ရဘူး။ အခုအဲဒါကြောင့် ပြန်လာရတာပါ” ဟု သံဃာ ၄၀ ကျော်အဖွဲ့မှ မပြန်ဘဲကျန် ရှိနေသော ဦးဉာဏဝံသက မိန့်ကြားသည်။

အဆိုပါကိစ္စကို တည်ဆဲဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့် အညီမှန်မှန် ကန်ကန်သာ ဖြစ်စေလိုကြောင်း လက်ရှိ ကျောင်းထိုင် ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။

ယင်းကဲ့သို့ ဖြစ်ပွားနေမှုကို အခြေအနေ အရပ်ရပ် တည်ငြိမ်မှုရစေရန် လာရောက်သော သံဃာများကို တောင်းပန်၍ သံဃဥပဒေနှင့် အညီဖြေရှင်း ဆောင်ရွက်နိုင်ရန် တိုင်းသံဃနာယက အဖွဲ့သို့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် တင်ပြတောင်းဆိုထားပြီ ဖြစ်ကြောင်း မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဦးပဏ္ဍိတက ထပ်မံမိန့်ကြားသည်။

The Voice ::--
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment