Pages

Pages - Menu

Tuesday, February 25, 2014

တောင်ငူမီးဘေးသင့် ဈေးသူ၊ ဈေးသားများ သမ္မတနှင့် တွေ့ခွင့်မရ


RangonNewsDaily: February . 25 .2014
ပဲခူးတိုင်း ဒေသကြီး အရှေ့ပိုင်း တောင်ငူမြို့နယ် ခရီးစဉ်သို့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က လာရောက်ခဲ့သော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို မီးဘေးသင့် ဈေးသူ၊ ဈေးသားများက တွေ့ခွင့်ရရန် သုံးနာရီနီးပါး စောင့်ဆိုင်း ခဲ့ရသော်လည်း တွေ့ခွင့် မရခဲ့ကြောင်း တောင်ငူ မြို့မဈေးကြီး လုပ်ငန်း စစ်ဆေးရေး ကော်မတီဝင် ဦးလွင်အေးက ပြောကြားသည်။
တောင်ငူမြို့နယ် စည်ပင်သာယာ အဖွဲ့က သမ္မတနှင့် တွေ့ဆုံရန် ရှိကြောင်း အကြောင်း ကြားလာသဖြင့် ဖေဖော်ဝါရီလ ၁၃ ရက်က မြို့မဈေးကြီး မီးလောင်ရာတွင် ဈေးဆိုင်ခန်းပေါင်း ၁၃၆၄ ခန်း ပျက်စီး ဆုံးရှုံးခဲ့ရသော ဈေးသူ၊ ဈေးသားများ ကိုယ်စား ဈေးကော်မတီဝင် ၂၀ ဦးခန့်မှာ မီးလောင်ပြင် ရှေ့နံပါတ် ၆ လမ်းပေါ်တွင် မွန်းလွဲ ၁၂ နာရီခန့်မှ စတင် စောင့်ဆိုင်း ခဲ့ရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ကျွန်တော်တို့ အပါအဝင် ဈေးမိဈေးဖတွေကို မြို့နယ် စည်ပင်က မွန်းလွဲ ၁၂ နာရီလောက် ကတည်းက လာစောင့်ခိုင်း ထားတယ်။ သမ္မတကြီး တကယ်ရောက်တော့ ၂ နာရီ ၄၅ မိနစ် ရှိပြီ။ ဆင်းတောင် မဆင်းကြည့်သွားဘူး။ ဈေးကို တစ်ပတ် ကားနဲ့ လှည့်ပြီး ယာယီဈေး နေရာကို ပြန်ထွက်သွားတယ်” ဟု ဈေးမိဈေးဖ တစ်ဦးက ဆိုသည်။

မြို့မဈေးကြီး မီးလောင်မှုကြောင့် ဆုံးရှုံး နစ်နာခဲ့သူ ဈေးဆိုင်ခန်းပေါင်း ၁၃၆၄ ခန်း၏ ပိုင်ရှင် ၆၀၀ ကျော်နှင့် သမ္မတ ဦးသိန်းစိန် တွေ့ဆုံမည်ဟု လွန်ခဲ့သော သုံးရက်ခန့်က သတင်းများ ထွက်သော်လည်း တကယ်တမ်း တွေ့ဆုံခွင့် မရရှိသည်မှာ များစွာ စိတ်မကောင်း ဖြစ်ရကြောင်း မီးလောင်မှုကြောင့် ကုန်ခြောက်ဆိုင် သုံးဆိုင် ဆုံးရှုံး နစ်နာခဲ့သူ ဦးစိုးမင်းက ဆိုသည်။

“မိဘသဖွယ် ဖြစ်တဲ့ သမ္မတနဲ့ တွေ့ခွင့်ရမယ်။ ဈေးသူဈေးသား တွေရဲ့ အခက်အခဲတွေ တင်ပြခွင့်ရမယ် ထင်ထားတာ။ အခုလို တွေ့ခွင့် မရတဲ့အတွက် ကျွန်တော်တို့ ဒုက္ခတွေကို သမ္မတကြီး သိခွင့် မရသလို အောက်ခြေ အဖွဲ့အစည်းတွေရဲ့ အသံတစ်ခုပဲ ကြားသွားမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ဈေးသူဈေးသားတွေ နစ်နာရပါတယ်” ဟု ၎င်းကဆိုသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် တောင်ငူမြို့နယ် မီးဘေးသင့် ဈေးသူဈေးသားများနှင့် ဖေဖော်ဝါရီလ ၂၃ ရက် နံနက်ပိုင်းတွင် တွေ့ဆုံမည်ဟု သတင်းများ ထွက်ပေါ် ခဲ့သော်လည်း အဆိုပါနေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ် အချိန်တွင်မှ တောင်ငူမြို့ခံ စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်သည့် သမဝါယမဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေး ပိုင်ဆိုင်သော တော်ဝင်ကေတုမတီ ဟိုတယ်သို့ ရောက်ရှိကာ နေ့လယ်စာ ခေတ္တ စားသုံးကြောင်း၊ ယင်းနောက် မွန်းလွဲ ၃ နာရီခန့်တွင် ဈေးမီးလောင်ပြင်ကို ကားဖြင့် လှည်လည် ကြည့်ရှုပြီး ယာယီဈေး တည်ဆောက်နေမှုကို သွားရောက် စစ်ဆေးကာ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း တောင်ငူမြို့ခံများထံမှ စုံစမ်း သိရှိရသည်။

မြို့မဈေး မီးလောင်မှုကြောင့် ပျက်စီး ဆုံးရှုံးခဲ့ရသော ဈေးဆိုင်ခန်းပေါင်း ၁၂၀၀ ကျော်အနက် ယာယီဆိုင်ခန်းပေါင်း ၆၇၂ ခန်းကို တစ်ခန်းလျှင် ငွေကျပ် ၄၀,၀၀၀ နီးပါး အကုန်အကျ ခံ၍ စည်ပင်သာယာရေး ဦးစီးဌာနက မိုင်ဒါကွင်း မြေနေရာတွင် တစ်လအတွင်း အပြီး တည်ဆောက်သွားမည် ဖြစ်ကြောင်း တောင်ငူခရိုင် စည်ပင် သာယာရေး ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဈေးရုံပေါင်း ၃၈ ရုံရှိသော တောင်ငူ မြို့မ ဈေးကြီးတွင် မီးလောင်ကျွမ်းမှုကြောင့် ဈေးရုံပေါင်း ၁၈ ရုံ နီးပါးနှင့် ဈေးဆိုင်ခန်းပေါင်း ၁၃၆၄ ဆိုင် မီးလောင် ပျက်စီးခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုး ကျပ်သိန်း ၄၀၀၀၀ ကျော်ခန့် ဆုံးရှုံး နစ်နာခဲ့ကြောင်း တိုင်းဒေသကြီး၊ နယ်စပ်ရေးရာနှင့်လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်းက ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပြောကြားသည်။

The Voice , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment