Pages

Pages - Menu

Saturday, February 22, 2014

လင်းဇင်းကုန်း သုသာန်ဟောင်းရှိ ထိုင်းဘုရင့် အုတ်ဂူအနီးတွင် ခေတ်သုံးခေတ်မှ အုတ်ရိုး တွေ့ရှိ

RangonNewsDaily: February . 22 .2014
ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များစွာ ထွန်းကားရာ မြို့တော် တစ်ခုဖြစ်သော မန္တလေးခရိုင် အမရပူရမြို့နယ် လင်းဇင်းကုန်း သုသာန်ဟောင်းရှိ ထိုင်းဘုရင့် အုတ်ဂူ မြေနေရာ အတွင်းနှင့် အပြင်တို့တွင် နှစ်ပေါင်း ၂၀၀ နီးပါးရှိသော ဘုရင်ခေတ် သုံးခေတ်မှ အုတ်ရိုးများ တွေ့ရှိခဲ့ကြောင်း အဆိုပါ ထိုင်းဘုရင့် အုတ်ဂူကို ပြုပြင် ထိန်းသိမ်း စောင့်ရှောက်နေသော ရေသဖန်းပွင့်၊ မြန်မာ- ထိုင်း ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးနစ်ကီက ပြောကြားသည်။
ယင်းအုတ်ရိုးမှာ ဆင်ဖြူရှင်မင်း လက်ထက်၊ ဘိုးတော်ဘုရား လက်ထက်နှင့် ဘကြီးတော်ဘုရား လက်ထက် ကတည်းက တည်ရှိခဲ့ပြီး အုတ်ရိုး အရှည်မှာ ၇ မိုင်ကျော် ရှည်မည် ဖြစ်ကာ အမရပူရမြို့နှင့် ဆက်နွှယ်နေကြောင်း၊ အမရပူရမြို့ အနောက်ဘက် အလယ်တံခါးမှ တောင်သမန် အင်းကို ဖြတ်ပြီး တောင်ဘက်တွင် ရှိသော ဥယျာဉ်တော်သို့ သွားသည့် အုတ်ရိုးဖြစ်ကြောင်း မန္တလေးမြို့တော် ရှေးဟောင်း သုတေသနနှင့် ဗိသုကာ ပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က ရှင်းလင်း ပြောကြားသည်။

“ဒီလင်းဇင်းကုန်း တစ်ဝိုက်က မြေနေရာတွေရဲ့ အနက် ၇ ပေနဲ့ ၈ ပေလောက်မှာ ကျောက်ခေတ်၊ ကြေးခေတ် အမွေအနှစ်တွေ အများကြီး ရှိသေးတယ်။ အခု ထိုင်းဘုရင့် အုတ်ဂူဘေးမှာက ပန်းခြံပဲ တည်ဆောက်မယ် ဆိုတော့ ဒီအမွေအနှစ်တွေ ဆုံးရှုံးဖို့တော့ မရှိသေးဘူး။ ဒါပေမဲ့ အခြား ဆောက်လုပ်ရေး လုပ်ငန်းတွေကိုတော့ မလုပ်ဆောင်သင့်ပါဘူး။ တခြား ဆောက်လုပ်ရေး လုပ်ငန်းတွေ လုပ်ဆောင်မယ် ဆိုရင်တော့ ဒီမြေအောက်မှာ ရှိနေတဲ့ ကျောက်ခေတ်၊ ကြေးခေတ် အမွေအနှစ်တွေ အများကြီး ဆုံးရှုံးသွားဖို့ ရှိပါတယ်” ဟု တမ္ပဝတီ ဦးဝင်းမောင်က ထပ်မံဆိုသည်။

အဆိုပါ မြို့ရိုးကို ဖေဖော်ဝါရီ လလယ်ခန့်က တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ပန်းခြံ ဆောက်လုပ်ရေး စီမံကိန်း မြေနေရာ ပတ်ဝန်းကျင်တွင်လည်း တည်ရှိသဖြင့် အုတ်ရိုးကို မဖျက်ရန် နှုတ်ဖြင့် ပြောခဲ့သော်လည်း အုတ်တံတိုင်း ဆက်လက် တည်ဆောက်ထားကြောင်း ကျန်ရှိနေသးသည့် အုတ်ရိုးများကို ဆက်လက် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း မြန်မာ- ထိုင်း ချစ်ကြည်ရေး အသင်းထံမှ သိရသည်။

“အုတ်ရိုးကို ဖျက်တဲ့သူက ဖျက်တယ်၊ တားဆီးနိုင်တဲ့ အဖွဲ့အစည်းက တားဆီးရမှာ။ ဒီရှေးဟောင်း အုတ်ရိုး တွေ့ရှိတာကို ရှေးဟောင်း သုတေသန ဦးစီးဌာနကိုလည်း အကြောင်းကြားတယ်။ သူတို့ဘက်ကတော့ အဆိုးဝါးဆုံး ပျက်စီးမှုတွေ ဖြစ်လာခဲ့ရင် တားဆီးပေးမယ်လို့ ပြောတယ်။ အုတ်တစ်လွှာလောက် ပျက်စီးသွားရင်ကို ကျွန်တော်တို့ အတွက်က အဆိုးဝါးဆုံး ပျက်စီးမှုပါပဲ၊ အခုတော့ အုတ်တစ်လွှာတောင် မဟုတ်ဘူး၊ ၇ လွှာလောက်တောင် ပျက်စီးသွားပြီ” ဟု တမ္ပဝတီ ဦးဝင်းမောင်က ဆိုသည်။

သက်တမ်း ၂၀၀ ရှိ အုတ်ရိုးများ တွေ့ရှိခဲ့သော လင်းဇင်းကုန်း သုသာန်ဟောင်း မြေနေရာတွင် ပန်းခြံ တည်ဆောက်နေမှုနင့် ပတ်သက်၍ အမရပူရမြို့နယ် စည်ပင်သာယာရေး အဖွဲ့ထံ မေးမြန်းခဲ့ရာ “အထက်က ညွှန်ကြားတဲ့အတိုင်း လုပ်ဆောင် နေရတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာလည်း အထက်က ညွှန်ကြားချက်ထက် ပိုပြီး ဘာမှ လုပ်ဆောင်ခွင့် မရှိပါဘူး” ဟု ပန်းခြံ တည်ဆောက်ရေး ဆောင်ရွက်နေသူ အမရပူရမြို့နယ် စည်ပင်သာယာရေး အဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

မြန်မာ- ထိုင်း ချစ်ကြည်ရေးအသင်းမှ လင်းဇင်းကုန်း သုသာန်တွင် ကျပ်ငွေသိန်းပေါင်း သုံးသောင်း အကုန်အကျ တည်ဆောက်မည့် Mahathera KingUDUMBARA memorial monument and historical park ဆောက်လုပ်ရန် မြေနေရာ တောင်းဆို ထားသော်လည်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ခွင့်ပြုခြင်း မရှိကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။

The Voice , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment