Pages

Pages - Menu

Wednesday, February 12, 2014

B.E နှင့် B.Tech ဝင်ခွင့် မရသူများအတွက် ဝင်ခွင့်စာမေးပွဲ ပြန်ကျင်းပမည်

RangonNewsDaily: February . 12 .2014
သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန လက်အောက် နည်းပညာတက္ကသိုလ်၊ အစိုးရ နည်းပညာ ကောလိပ်နှင့် အစိုးရ စက်မှုလက်မှု သင်တန်းကျောင်းများမှ A.G.T.I သင်တန်း ပြီးဆုံးထားသော်လည်း B.E နှင့် B.Tech ဝင်ခွင့် မရသူများအတွက် B.E နှင့် B.Tech ဝင်ခွင့်စာမေးပွဲကို ယခုနှစ်တွင် ပြန်လည် ကျင်းပပေးမည် ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ်က ပြောကြားသည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်၏ B.E နှင့် B.Tech ဝင်ခွင့်စာမေးပွဲကို ယခုနှစ်အတွင်း ကျင်းပရန်ရှိ မရှိ မေးခွန်းကို ၎င်းက ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

သတ်မှတ် အရည်အချင်း မပြည့်မီ၍ A.G.T.I အဆင့်သာ ရရှိထားသော ကျောင်းသား၊ ကျောင်းသူများအတွက် ယခုနှစ်တွင် ဝင်ခွင့်စာမေးပွဲ ပြန်လည် ကျင်းပပေးမည် ဖြစ်ပြီး လာမည့် ပညာသင်နှစ်တွင် တက်ရောက်နိုင်ရန် စီစဉ်ထားကြောင်း ဒေါက်တာအောင်ကျော်မြတ်က ပြောဆိုသည်။

ယင်းဝင်ခွင့် စာမေးပွဲတွင် အင်္ဂလိပ်ဘာသာနှင့် ယခင်အောင်မြင်ထားသော သက်ဆိုင်ရာ ဘာသာရပ်များထဲက တစ်ဘာသာတို့သာ စစ်ဆေးပြီး စာမေးပွဲ မကျင်းပမီ လေးလအထိ ကြိုတင်လေ့ကျင့် ချိန်ပေးထားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

နည်းပညာ တက္ကသိုလ်များတွင် ပညာရေး ဖွဲ့စည်းပုံစနစ်များ ပြောင်းလဲခြင်းကြောင့် A.G.T.I ပြီးဆုံးထားသော ကျောင်းသားများအတွက် အလုပ်အကိုင်နှင့် ပညာဆက်လက်သင်ကြားရန် အခက်အခဲများ ရှိနေကြောင်း၊ ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနသို့ စာမေးပွဲ ပြန်ဖြေဆိုခွင့်ပေးရန် နည်းပညာ တက္ကသိုလ် ကျောင်းသားများ စုစည်းကာ အကြောင်းကြားစာ တင်ထားကြောင်း နည်းပညာ တက္ကသိုလ် ကျောင်းသားသမဂ္ဂများထံက သိရသည်။

ယင်းအပြင် ရန်ကုန်နှင့် မန္တလေး နည်းပညာ တက္ကသိုလ်များ (COE) နှင့် ကျန်နည်းပညာ တက္ကသိုလ်များကို ပညာသင်နှစ် အမျိုးမျိုး ခွဲခြားသက်မှတ်မှုများနှင့် ပတ်သက်၍ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ကန့်ကွက်ကြောင်း တရားဝင် ထုတ်ပြန်ထားသည်။

နည်းပညာတက္ကသိုလ်၊ အစိုးရ နည်းပညာ ကောလိပ်နှင့် အစိုးရ စက်မှုလက်မှု သင်တန်းကျောင်းများမှ A.G.T.I အောင်မြင်ပြီး B.E နှင့် B.Tech တက်ရောက်ခွင့် မရသူများအတွက် ၂၀၀၇ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်တို့တွင် ဝင်ခွင့်စာမေးပွဲ နှစ်ကြိမ် စစ်ဆေးပေးပြီး ဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနထံ စုံစမ်းသိရှိရသည်။

The Voice ,
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment