Pages

Pages - Menu

Wednesday, January 22, 2014

နိုင်ငံတော်သမ္မတထံသို့ပေးစာ

RangonNewsDaily:: January . 22 .2014
သမ္မတကြီးခင်ဗျား။ ချစ်ခင်လေးစားစွာဖြင့် စာရေးသားအပ်ပါသည်။ကျန်းမာချမ်းသာစွာဖြင့် တိုင်းပြည်တာဝန်များကို ထမ်းဆောင်နေမည်ဟု ယုံကြည်ပါသည်။ ဤစာကို ရေး
သားဖြစ်သည့် တွန်းအားကတော့ သမ္မတကြီး၏မကွေးခရီးစဉ်မှာ အော်ဟစ်တိုင်ကြားသည့် ၀န်ထမ်းဟောင်းအမျိုးသမီးကြီးကို အားကျ၍ ဖြစ်ပါသည်။  

သူ့ကိုအားကျ၍ အခွင့်ရလျှင် အနီးကပ်လျှပ်တစ်ပြက်အော်ဟစ်ချင်သည့်တိုင် ကျွန်တော်တို့နေထိုင်ရာဒေသ
ကို သမ္မတကြီးလာလည်ဖို့ အစီအစဉ်မရှိသေးသည့်အတွက် ယခုလို စာရေးသားရခြင်းဖြစ်ပါသည်ခင်ဗျား။ သမ္မတကြီးအုပ်ချုပ်သည့်ကာလအတွင်းမှာစိတ်ချမ်းသာရသည့်အကြောင်းရင်းများကိုဦးစွာပြောပြချင်ပါသည်။ 

ယခင်က ရပ်ကွက်များအတွင်းမှာ ရန်ထောင်စွာကျယ်လုပ်ခဲ့ကြသည့် စွမ်းအားရှင်များကို မမြင်တွေ့ရတော့
သည့်အတွက် ပြည်သူအပေါင်း စိတ်နှလုံးချမ်းမြေ့နေကြရပါသည်ခင်ဗျား။ သူတို့ကို နောက်တစ်ကြိမ် ဘယ်
တော့မှ ပြန်မြင်တွေ့ခွင့်မရအောင် သမ္မတကြီးက စွမ်းဆောင်ပေးနိုင်မည်ဟုလည်း မျှော်လင့်မိပါသည်။ ညဥ့်
သန်းခေါင်မှာ တံခါးခေါက်ပြီး ခြင်ထောင်ထဲကို ဓာတ်မီးဖြင့်လှမ်းထိုးသည့် ဧည့်စာရင်းစစ်သူများလည်း အတော့်ကိုမတွေ့ရတော့သည့်အတွက် နှလုံးပီတိဂွမ်းဆီထိရပါသည်။ 

သမ္မတကြီးစတင်အုပ်ချုပ်စဉ်ကာလကတော့ ညဥ့်သန်းခေါင်မှာ သူတို့ရောက်မလာကြတော့သည့်အတွက် အိပ်မပျော်တောင်ဖြစ်မိပါသည်။ တစ်ခုခုမှားယွင်းနေပြီလားဟုပင် တွေးမိပါသည်။ အခုတော့ရိုးသွားပါပြီ
ခင်ဗျား။ ဒီအတွက်လည်း ရပ်ကွက်အတွင်းရှိ ပြည်သူအများက သမ္မတကြီးကို ကျေးဇူးတင်ကြောင်း ဒီစာက
တစ်ဆင့်ပြောပေးဖို့ ကျွန်တော့်ကို မေတ္တာရပ်ခံကြပါသည်။ 

တယ်လီဖုန်းဆင်းမ်ကတ်များလည်း ရရှိကြပါသည်။ ရိုးရာမပျက် မသမာမှုများရှိသည့်တိုင် ကျွန်တော်တို့မှာ ဒီထက်မက ခံနိုင်ရည်များရှိသည့်အတွက် မတုန်လှုပ်ကြပါ။ လျှပ်စစ်မီးလည်း အရင်ထက်စာရင် အပျက်
နည်းလာပါသည်။ ပျက်တော့ပျက်နေဆဲဖြစ်ပါသည်။

 တစ်ခါတစ်ရံ မီးပျက်၍မှောင်နေသည့်တိုင် နေပြည်တော်ကြီး ထိန်ထိန်ညီးတောက်ပနေမည်ဆိုသည့် စိတ်
ကူးဖြင့် မုဒိတာပွားမိပါသည်။ နိုင်ငံရေးအပြောင်းအလဲကို ဂျာနယ်များမှာ တွေ့နေရပါသည်။ 

သို့သော် အပြောင်းအလဲကို ရပ်ကွက်အတွင်းက ဘ၀များမှာတော့ မတွေ့ရသေးပါ။ မုန့်ဟင်းခါးတစ်ပွဲ ကျပ်
သုံးရာမှ ကျပ်လေးရာ၊ ကွမ်းကျပ်တစ်ရာဖိုးလေးယာမှ သုံးယာ၊ အမဲသားတစ်ပိဿာ ကျပ်ခြောက်ထောင်မှ ကျပ်
ကိုးထောင်၊ ကြက်သွန်တစ်ပိဿာ ကျပ်ရှစ်ရာမှကျပ်ထောင့်တစ်ရာ၊ကန်စွန်းရွက်တစ်စည်းကျပ်တစ်ရာမှကျပ်နှစ်
ရာအထိ ညီညီညာညာ တက်လာနေခဲ့ပါသည်။ ကုန်ဈေးနှုန်းများတက်လာနေသည့်အတွက် သမ္မတကြီးက လစာတစ်ဝက်လျှော့ယူမည်ဟု ပြောခဲ့တုန်းက သမ္မတကြီးအတွက် ကျွန်တော်တို့ စိုးရိမ်ပူပန်ခဲ့ကြပါသည်။ 

လာဘ်မစားသည့်အတွက်လစာနှင့်မလောက်မငဖြစ်မှာစိုး၍ ဖြစ်ပါသည်။လွှတ်တော်အမတ်မင်းများကတော့
လစာတိုးသွားပြီဖြစ်သည့်အတွက် သူတို့အတွက် ကျွန်တော်တို့ ပြည်သူများက စိုးရိမ်ပူပန်စရာမလိုတော့ပါ။ ကျွန်တော်တို့အတွက်ကတော့ ရိုးနေပြီဖြစ်သည့်အတွက် မပူပန်ကြပါနှင့်။ ဤစာကိုရေးရသည့်အကြောင်း
ရင်းကို ယခုပြောပါတော့မည်။ 

သမ္မတကြီးကနှလုံးမှာစက်ထည့်ထားရသည်ဟုကြား၍ ကျန်းမာရေးအတွက် ချက်ချင်းမပြောသေးဘဲ နိဒါန်းပျိုး
နေခဲ့ရတာဖြစ်ပါသည်။သမ္မတကြီး တာဝန်စတင်ထမ်းဆောင်ခဲ့သည့်အချိန်မှစပြီး ပြီးခဲ့သည့်သုံးနှစ်အတွင်း
မှာ ကျွန်တော်တို့ရပ်ကွက်ပြည်သူများ အပျော်ရွှင်ရဆုံးနေ့တစ်နေ့ရှိခဲ့ပါသည်။ 

သမ္မတကြီး၏ရုံးခန်းအတွင်းမှာဗိုလ်ချုပ်အောင်ဆန်းပုံကို နောက်ခံထားပြီးရိုက်ကူးထားသည့်သမ္မတကြီးနှင့် ဒေါ်
အောင်ဆန်းစုကြည်တို့၏ဓာတ်ပုံကို မြင်တွေ့ရသည့်နေ့ဖြစ်ပါသည်။ ခေါင်းဆောင်များမခေါ်မပြောလုပ်ကြလျှင် ရပ်ကွက်နေပြည်သူများ စိတ်နှလုံးညှိုးချုံးကြရပါသည်။

 ခေါင်းဆောင်ကြီးများ အဆင်မပြေသည့်အခါ “စွမ်းအားရှင်များ”ရပ်ကွက်ထဲမှာ ပြူတစ်ပြူတစ် လုပ်လာတတ်
ကြပါသည်။ထိုဓာတ်ပုံကို တွေ့ရသည့်နေ့ကတော့မင်္ဂလာရှိဆုံးနေ့အဖြစ်ကျွန်တော်တို့အားလုံး ၀မ်းသာခဲ့ကြ
ပါသည်။ ထိုနေ့က ပျော်လွန်း၍ ရုပ်မြင်သံကြားကလွှင့်သည့် ကိုရီးယားဇာတ်လမ်းတွဲက “ဂျူမုံ”ကိုတောင် မကြည့်ဖြစ်ခဲ့ကြပါ။ 

ယခုတစ်ခါ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် သမ္မတကြီး၊ သူရဦးရွှေ
မန်း၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် တွေ့ဆုံချင်သည်ဟု တောင်းဆိုနေပါသည်။သမ္မတကြီးတို့က မတွေ
နိုင်သေးဟုကြားရ၍ကျွန်တော်တို့စိုးရိမ်ပူပန်ကြရပါသည်။ရပ်ကွက်နေပြည်သူများက ဒေါ်အောင်ဆန်းစုကြည်
ကို လွန်စွာလေးစားချစ်ခင်ကြပါသည်။ သူမအပေါ် ကရုဏာလည်းသက်ကြပါသည်။ ယခင်အစိုးရများက သမ္မတကြီးလို သဘောမကောင်းကြပါ။ 

သူမခင်ပွန်း မကွယ်လွန်မီမှာတောင် သူမဆီ လာတွေ့ခွင့်မပေးခဲ့ကြပါ။ အရာအားလုံးကို စွန့်လွှတ်ထားခဲ့ပြီး
ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အတွက် မြှုပ်နှံထားပြီးသူဖြစ်ပါသည်။ တပ်မတော်ဖခင်ကြီး
၏သမီးဖြစ်သည့်အတွက် တပ်မတော်ကိုလည်း သံယောဇဉ်အလွန်ရှိသူဖြစ်ပါသည်။ သမ္မတကြီးအနေဖြင့်
ဒေါ်အောင်ဆန်းစုကြည်ကို တွေ့စေလိုပါသည်။ တွေ့ဆုံသည့်အခါ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုလည်း တစ်ပါတည်းခေါ်ထားစေချင်ပါသည်။ 

 ဗိုလ်ချုပ်မှူးကြီးထံကိုတော့ ကျွန်တော်တို့ သီးခြားစာမရေးတော့ပါ။ သမ္မတကြီးမှတစ်ဆင့် ပြောကြားပေးရန်
ဖြစ်ပါသည်။ လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းကို ခန့်အပ်သူဖြစ်သည့်အတွက် ဗိုလ်ချုပ်မှူးကြီးအနေဖြင့် အ
တိုက်အခံခေါင်းဆောင်ကို တွေ့ကိုတွေ့ဖို့တာဝန်ရှိကြောင်း ရပ်ကွက်အတွင်းက ဆွမ်းလောင်းရုံမှာ ပြောဆို
နေကြတာ ကျွန်တော် ကြားခဲ့ပါသည်။ 

အဖြေတစ်ခုမထွက်သေးသည့်တိုင် တွေ့ဆုံစကားပြောဆိုသင့်သည်ဟု သူတို့ကပြောဆိုကြပါသည်။ ကျွန်
တော်တို့အားလုံးကလည်း မျှော်လင့်နေကြပါသည်။ တွေ့ဆုံစကားပြောဖြစ်လျှင် သမ္မတကြီး၏သက်တမ်း
အတွက် အအောင်မြင်ဆုံးမှတ်တိုင်ဖြစ်ပါမည်။ 

သဘောတူနားလည်မှုရပါက သမ္မတကြီးအနေဖြင့် တာဝန်မှအနားယူသည့်အခါ တိုင်းပြည်အတွက် အသင့်
လျော်ဆုံးလူကို ထားခဲ့နိုင်မည်ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏သမ္မတသက်တမ်းကို ပြည်သူများက အ
လွန့်အလွန်မျှော်လင့်နေကြပါသည်။ ဆွမ်းလောင်းရုံနားမှာ ရပ်ကွက်သားတစ်ဦးက အခုလိုပြောပါသည်။ 

“ခင်ဗျားတို့စဉ်းစားရမှာက နိုင်ငံခြားသားဖြစ်ပေမယ့် ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေတဲ့ သားတွေရဲ့
မိခင်ကို သမ္မတအဖြစ်ရွေးမလား၊ နိုင်ငံသားဖြစ်ပေမယ့် လက်ဝါးကြီးအုပ်စီးပွားရေးလုပ်နေတဲ့သားသမီးတွေ
ရဲ့မိဘတွေကို ရွေးမှာလားဆိုတာပဲ”သူပြောတာ စိတ်ဝင်စားစရာကောင်းသည်ဟု တွေးမိပါသည်။ စာလည်း
ရှည်သွားပါပြီ။ 

သမ္မတကြီးအနေဖြင့် တွေ့ဆုံပွဲကိုစီစဉ်နိုင်မည်ဟု ယုံကြည်ထားပါသည်။ စကားမစပ် နေပြည်တော်မှာ သွား
ရင်းလာရင်း ကျွန်တော်တို့မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကိုတွေ့မိလျှင် ကျွန်တော်တို့က သတိ
ရကြောင်း ပြောပေးပါခင်ဗျား။

 ရွေးကောက်ပွဲနောက်ပိုင်းမှာ ပြန်မတွေ့တော့သည့်အတွက် နေရေးစားရေးပူပန်မိခြင်းဖြစ်ပါသည်။ ကျွန်
တော်တို့ရပ်ကွက်ထဲက လမ်းကလေးသည် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ခင်းပြီးပြီဖြစ်ကြောင်းကို သူ့ကိုသိစေ
လိုပါသည်။ 

တော်သေးပြီ။ လက်ရေးသည်းခံပါ။သင်၏သစ္စာရှိသော နိုင်ငံသားတစ်ဦး စာကြွင်း- အလုပ်မအားလျှင် အရေး
တကြီးစာပြန်ရန်မလိုပါ။

ရေးသားသူ- ရဲမိုး 7Days News 
kolatt(PBDN)
RangonNewsDaily




No comments:

Post a Comment