Pages

Pages - Menu

Saturday, November 9, 2013

မြန်မာနိုင်ငံတွင် စိတ်ကြွဆေး သုံးစွဲသူဦးရေ မြင့်တက်ဟု UN ထုတ်ပြန်

RangonNewsDaily:: November . 9 .2013
မဲခေါင်ဒေသ ဘိန်းစိုက်ပျိုးမှု လျှော့ချရေး လုပ်ငန်းများကို အစိုးရအချင်းချင်း ပူးပေါင်း စစ်ဆင်ရေးများ ဆောင်ရွက်နေသော်လည်း မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ခြောက်နိုင်ငံ၌ စိတ်ကြွဆေး သုံးစွဲသူ ဦးရေ မြင့်တက်လျက် ရှိကြောင်း နိုဝင်ဘာလ ၈ ရက်နေ့တွင် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ ယင်းအစီရင်ခံစာတွင် ၂၀၁၂ ခုနှစ်အတွင်း အာရှပစိဖိတ် ဒေသအတွက် မူးယစ်ဆေးဝါးနှင့် စိတ်ကြွဆေးအမျိုးမျိုး ဖမ်းဆီး ရရှိမှုများကို ပြုစုထားပြီး နိုင်ငံပေါင်း ၁၃ နိုင်ငံအတွက် ဖမ်းဆီးရမိထားသော စာရင်း အတိအကျကို ဖော်ထုတ် ရေးသားထားသည်။

မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့တွင် စိတ်ကြွဆေး သုံးစွဲသူ ဦးရေသည် စိုးရိမ်ဖွယ်ကောင်းအောင် မြင့်တက်နေကြောင်း၊ စိတ်ကြွဆေး အများဆုံး ဖမ်းမိသောနိုင်ငံမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဖြစ်ပြီး ၂၀၁၂ ခုနှစ်က အမေရိကန်ဒေါ်လာ ၁၀၂ ဒသမ ၂ သန်းဖိုး ဖမ်းဆီးမိခဲ့ကာ ထိုင်းနိုင်ငံက ၉၅ ဒသမ ၃ သန်းနှင့် မြန်မာနိုင်ငံက ၁၈ ဒသမ ၂ သန်းတို့ အသီးသီး ဖမ်းဆီးမိခဲ့ကြောင်း အဆိုပါ အစီရင်ခံစာအရ သိရသည်။

နိုင်ငံအသီးသီးက ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးနှင့် စိတ်ကြွဆေးပြား ပမာဏများကို ကြည့်၍ ယင်းကဲ့သို့ စိတ်ကြွဆေး သုံးစွဲသူ မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းအစီရင်ခံစာ ရေးသားသူများက သုံးသပ်သည်။

စိတ်ကြွဆေးပြားများသည် လမ်းဘေး ကွမ်းယာဆိုင်များ၊ ဂိမ်းဆိုင်များတွင် အလွယ်တကူ ဝယ်ယူရရှိသည့်အပြင် ထိုင်းဘတ်ငွေ ၅၀ ရှိရုံနှင့် သုံးစွဲနိုင်သောကြောင့် အသက် ၂၀ မှ ၃၀ ကြား လူငယ်များက ပိုသုံးစွဲကြောင်း၊ နိုင်ငံတော်က မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် စီမံချက်ချ လုပ်ကိုင် နေသော်လည်း လျော့နည်းသွားခြင်း မရှိကြောင်း တာချီလိတ်မြို့ခံ တစ်ဦးက The Voice သို့ ပြောကြားသည်။

ယင်းကြောင့် မြန်မာနိုင်ငံသည် အရှေ့နှင့် အရှေ့တောင်အာရှ ဒေသတွင် စိတ်ကြွ ဆေးပြား ထုတ်လုပ်ဖြန့်ဖြူးရာ အရင်းအမြစ်အဖြစ် ယခုထက်တိုင် ကျန်ရှိနေကြောင်းကို အဆိုပါ အစီရင်ခံစာတွင် ရေးသားထားသည်။
“နိုင်ငံတကာ မူးယစ်ဆေးဝါး ကုန်သွယ်ရေး အုပ်စုတွေက အရှေ့တောင်အာရှ ဒေသကို တရားမဝင် မူးယစ်ဆေးဝါးတွေ ထုတ်လုပ်ဖို့ အဓိက ပစ်မှတ်ထားနေကြပြီ။ နောက်ပြီး ပစိဖိတ်ဒေသကို သုံးပြီး စိတ်ကြွ ဆေးပြားတွေ ကူးသန်းဖို့လည်း ရည်ရွယ်ထားတယ်” ဟု UNODC ၏ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကိုယ်စားလှယ် Mr.Jeremy Douglasက သုံးသပ် ပြောကြားသည်။

မြန်မာနိုင်ငံက ဖမ်းဆီးရမိခဲ့သော စိတ်ကြွဆေးပြား အရေအတွက်သည် ၂၀၀၈ ခုနှစ်တွင် ၁,၁၀၂,၁၉၉ ပြား၊ ၂၀၀၉ ခုနှစ်တွင် ၂၃,၈၉၉,၁၅၆ ပြား၊ ၂၀၁၀ ပြည့်နှစ်တွင် ၂,၁၉၂,၂၆၃ ပြား၊ ၂၀၁၁ ခုနှစ်တွင် ၅,၈၉၄,၁၈၈ ပြားနှင့် ၂၀၁၂ ခုနှစ်တွင် ၁၈,၁၆၂,၀၅၂ ပြားတို့ ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် UNODC အစီရင်ခံစာအရ သိရသည်။

The Voice , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment