Pages

Pages - Menu

Tuesday, November 19, 2013

အစိုးရတပ်နှင့် KIO တိုက်ပွဲများ ဆက်တိုက်ဖြစ် ဒုက္ခသည် ၂၀၀၀ ကျော် ထပ်မံတိမ်းရှောင်နေရပြီး ဒုက္ခသည်စခန်းများ ရိက္ခာအခက်အခဲဖြစ်နေ

RangonNewsDaily:: November . 18 .2013
မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ နိုဝင်ဘာ ၁၈ ရက်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု KIO တပ်ရင်း (၁၂) မှ တပ်ရင်းမှူး ဗိုလ်မှူးဂျွန်းအောင်က ပြောသည်။
မန်စီမြို့နယ် KIO တပ်မဟာ(၃) လက်အောက်ခံတပ်ရင်း(၁၂) တပ်ဖွဲ့များနှင့် အစိုးရ၏ စစ်တပ်တို့ နိုဝင် ဘာ ၁၈ ရက်နံနက် ၆ နာရီချိန်က ကောင်ဂျာကျေးရွာတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မွန်းလွဲပိုင်း တွင် နမ်လင်းပါကျေးရွာတွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲဟု ၎င်းက မဇိ္ဈမကို အတည်ပြု ပြောကြား သည်။

“ဒီမနက် ၆ နာရီကနေ ၇ နာရီထိ ကောင်ဂျာမှာ ရင်ဆိုင်တိုက်ပွဲဖြစ်နေပါတယ်။ ခုလည်း နမ်လင်းပါမှာ ပစ်နေကြတုန်းဘဲ။ ခုတော့ အစိုးရစစ်တပ်နဲ့ ကျွန်တော်တို့ဘဲ ရှိနေတယ်။ ဒုက္ခသည်တွေလည်း ထွက် ပြေးသွားပြီ”ဟု ဗိုလ်မှူးဂျွန်းအောင်က ပြောသည်။

မန်စီမြို့အနီး တိုက်ပွဲများတွင် နမ့်လင်းပါရွာဘက်၌ ပစ်ခတ်သံများသည် နိုဝင်ဘာလ ၁၇ ရက် ညနေပိုင်း ငါးနာရီကျော်ခန့်ကတည်းက ကြားနေရသည်ဟု KBC ဘုရားကျောင်းမှ ဆရာဆိုင်းနော်က ပြောသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက “ကြားထဲမှာလဲနန့်လင်းပါက တိုက်ပွဲဖြစ်ဖို့အလားအလာ တွေများတယ်။ ခုလဲဖြစ်နေတာတွေ ကြားတယ်။ ဒါပေမဲ့ အုပ်ချုပ်ရေးအဖွဲ့က သွားလို့မရဘူး။ မန့်ဝိုင်းကြီး ဘက်က သွားဖို့နည်းနည်းခက်တယ်ဆိုတာ မှန်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ လမ်းမတစ်လျှောက် မှာလည်း မိုင်းတွေရှိတယ်။ ဟိုတစ်ရက်ကပဲ ပစ္စည်းထောက်ပံ့ဖို့သွားတဲ့ ကားတစ်စီး မိုင်းကွဲလို့ မှန်ကွဲ တာတွေ ဖြစ်သွားတယ်။ အန္တရာယ် အရမ်းရှိတယ်။ ရောက်အောင် သွားဖို့ဆိုတာကတော့ ရှမ်းမြောက် ဘက်ကသွားရင် ပိုနီးတယ်။ အုပ်ချုပ်ရေးဘက်ကလဲ ကူညီဖို့ ကြိုးစားနေပါတယ်”ဟု ပြောသည်။

စစ်ပွဲများကြောင့် မန်ဝိုင်းကြီးတွင် လက်ရှိ ဒုက္ခသည် ၃၀၀၀ ကျော်အပြင် ဒုက္ခသည် ၂၀၀၀ ကျော် ထပ်မံ ရောက်ရှိလာသဖြင့် စားနပ်ရိက္ခာ မလောက်ငဘဲ အခက်အခဲရှိနေရှိနေသည်ဟု မန်ဝိုင်းကြီး ကယ်ဆယ် ရေးစခန်းမှ တာဝန်ရှိသူများက ဆိုသည်။

ကချင်ပြည်နယ် မန်ဝိုင်းကြီးသို့ ရောက်ရှိနေသည့် စစ်ပြေးဒုက္ခသည် ၅၀၀၀ ကျော်အတွက် စားနပ်ရိက္ခာ ရရှိရန် ပို့ဆောင်ရာတွင် စစ်ကြောင်းပိတ်ဆို့မှုများ ရှိနေသဖြင့် ကယ်ဆယ်ရေးအဖွဲ့များက လားရှိုးဘက်မှ ပို့ဆောင်ရန် ဒေသတာဝန်ခံများနှင့် ညှိနှိုင်းဆောင်ရွက်နေသည်ဟုလည်း ကရုဏာကတ်သလစ်အသင်း တော်မှ ကယ်ဆယ်ရေးလုပ်ငန်းများ လိုက်လံလုပ်ဆောင်နေသည့် ပြောရေးဆိုခွင့်ရှိသူ ကိုနော်ဒင့်က မဇိ္ဈမသို့ ပြောသည်။

ကရုဏာမြန်မာ လူမှုရေးအဖွဲ့(ဗန်းမော်)မှ တာဝန်ရှိသူတစ်ဦး ဦးနော်ဒိန်းက “ဒီ ဗန်းမော်ဘက် ရောက် တာက ၄၀၊ ၅၀ ရောက်လာတယ်။ မနေ့က ရောက်လာတယ်။ အများအားဖြင့် ၂၀၀၀ လောက်က တော လမ်းကနေ မန်ဝင်းကြီးဘက် နှစ်ဦး၊ သုံးဦး ရောက်လာတယ်။ ဘောလုံးကွင်းမှာ ယာယီတဲ ဆောက်ပေး ဖို့ ဒီနေ့ လုပ်ပေးနေတယ်။ အတိအကျတော့ မသိဘူး။ တချို့က လမ်းမှာဘဲ ရှိသေးတယ်”ဟု ဆိုသည်။

ကချင်လွတ်မြောက်ရေးတပ်မတော်မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဆလွတ်ဂွမ်မော်က KIO အနေဖြင့် စစ်ပြေးဒုက္ခသည်များအား အကူအညီပေးရန် ဆောင်ရွက်မှုများ ပြုလုပ်နေသည်ဟု ရန်ကုန်မြို့သို့ရောက် ရှိနေစဉ် နိုဝင်ဘာလ ၁၈ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

စစ်ပြေးဒုက္ခသည်များအား ကယ်ဆယ်သွားမည်ဆိုပါက လက်ရှိ စစ်မြေပြင်တွင် ရှိနေသော ကယ်ဆယ် နေသည့် ဘာသာရေးအဖွဲ့အစည်းများနှင့် အစိုးရဘက်သို့လည်း မိမိတို့လုပ်ဆောင်မည့် ကိစ္စများကို အ ကြောင်းကြားသွားမည်ဟု ဗိုလ်ချုပ်ဂွမ်မော်မှ ကတိပေး ပြောဆိုသည်။ လတ်တလာတွင်တော့ ကချင် လွတ်မြောက်ရေးတပ်မတော်၏ တပ်မဟာ (၃) အတွင်းသို့ ရောက်ရှိလာသူ စစ်ပြေးဒုက္ခသည်များလည်း ရှိနေပြီး ၎င်းတို့အတွက် KIO က တာဝန်ယူ စောင့်ရှောက်ထားသည်ဟု ဆိုသည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment