RangonNewsDaily:: November . 14 .2013
ထားဝယ်သူလေးတွေ ဆိုရင်...
" ရှင့်... ရှင့် " နဲ့ နားဝင်ပီယံ ရှိလှတဲ့ ဝဲတဲတဲ စကားသံလေးတွေ...
ဖြူဖြူဖွေးဖွေး ရေဆေးငါးလို လှပပြီး ချစ်စဖွယ် မျက်နှာလေးတွေနဲ့ နူးညံ့ ယဉ်ကျေးသိမ်မွေ့လှတဲ့ ဟန် အမူအရာလေးတွေ......
" လိုက်နော်လားရှင်... ရဟယ်ရှင်.. ရဟယ်ရှင် ".. လို့ ဆိုပြီး သွက်လက် မြူးကြွတဲ့ ထားဝယ်ယိမ်းအက လေးတွေ... ခေါင်းပေါ်မှာ ရေအိုး သုံးလေးလုံး ဆင့်ပြီး ပညာသားပါပါ ကသွားတဲ့ ကကြိုး ကကွက်လေးတွေ..ကို တွဲပြီး မြင်ယောင်မိကြမှာပါ။
အခု...
ကျွန်တော် ပြောပြမယ့် ထားဝယ်သူလေး ကတော့ ထားဝယ်ယိမ်း ကတတ်သလား.. မကတတ်သလား.. မသိပေမယ့် ဓါးမြှောင်ယိမ်းတော့ ကောင်းကောင်း ကခဲ့ပါတယ်။
ဒါ့အပြင်...
ကျွန်တော်တို့လို သာမန် ယောင်္ကျားကြီးတွေတောင် မလုပ်ရဲတဲ့ (မလုပ်နိုင်တဲ့) အလုပ်တွေကို ရဲဝံ့ စွန့်စားစွာ လုပ်ပြသွားသူ အာဂ အမျိုးသမီးလေး တစ်ယောက်ပါ...
သေသောသူ ကြာရင်မေ့၊ ပျောက်သောသူ ရှာရင်တွေ့.. လို့ ဆိုထားပေမယ့် မမေ့စကောင်းတဲ့ သူ့ အဖြစ်အပျက်.. မျက်ရည်စက်လက်နဲ့ ရေးမိပြန်ပါပြီ...
၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလ...
လွတ်လပ်ရေး ရပြီး သိတ်မကြာခင် အယူအဆတွေ ကွဲလွဲလို့ ရောင်စုံ သူပုန်တွေထ.. ရန်ကုန် အစိုးရ လို့ ဝိုင်းပြီး လှောင်ပြောင် ခံရတဲ့အထိ တစ်တိုင်းပြည်လုံး.. ပြည်တွင်စစ်မီးတွေ တဟုန်းဟုန်း တောက်လောင်နေတဲ့ အချိန်...
ပြင်ဦးလွင်ရဲ့ ဆောင်းနှင်းမြူတွေ အောက်မှာ လွယ်အိတ်စုတ်လေး တစ်လုံးလွယ်၊ ဝါးခမောက်လေး ဆောင်း၊ ကြိမ်တံဖျာကို လက်မှာ အသာကိုင်ပြီး နွားတစ်အုပ်နဲ့ အလုပ်ရှုပ်နေတဲ့ နွားကျောင်းသမလေး တစ်ယောက်...
သူကတော့ ထားဝယ်သူလေး မချစ်ပို...တပ်မတော်ထဲ ဝင်သွားတဲ့ မောင်ဖြစ်သူကို လိုက်ရှာရင်း နဖူးစာ ရွာလည်ပြီး ထားဝယ်နဲ့ မိုင်ပေါင်းများစွာ ဝေးတဲ့ ပြင်ဦးလွင် BE တပ်က တပ်ကြပ် လှမောင်နဲ့ အိမ်ထောင်ကျ။ ဘဝပေး အခြေအနေက မလှပ...
အိမ်ထောင်သည် ရဲမေက ဝမ်းရေး မလှလို့များ နွား အငှားကျောင်း နေရသလား...
ဟင့်အင်း...
သူ နွားကျောင်းနေတာ သူ့မိသားစု အတွက် မဟုတ်ပါဘူး။ သူ့ တပ်အတွက်၊ သူ့ မြို့သူ မြို့သားတွေ အတွက်၊ ပြီးတော့.. တိုင်းပြည်အတွက်...
နွားကျောင်းတာများ တိုင်းပြည်အတွက် ဆိုပြီး ကြီးကြီးကျယ်ကျယ် ပြောရန်ကောလို့ အပြစ်တင်စောပြီး ထောပနာ မပြုကြပါနဲ့ဦး...ဇာတ်ရည် လည်အောင် ရှင်းပြပါရစေ...
၂၁.၂.၁၉၄၉ နေ့မှာ သောင်းကျန်းသူ KNDO တွေက ပြင်ဦးလွင်မြို့ကို အလစ် ဝင်သိမ်း လိုက်ပါပြီ။ ရန်သူ့အင်အား များလွန်းတာမို့ BE တပ်က ဗိုလ်မှူး ထင်ပေါ်ဟာ ခွဲ(၁)၊ ခွဲ(၂) က စစ်သည်အချို့နဲ့ ရရာ လက်နက် စုစည်းပြီး လားရှိုးကို ခေတ္တ ဆုတ်ခွာပေးခဲ့ ရပါတယ်။
လားရှိုးမှာ ဆုတ်ခွာစစ်သည် တွေနဲ့ တပ်ကို ပြန်လည်စုဖွဲပြီး၊ ပြင်ဦးလွင်ကို ပြန်လည် တိုက်စစ် ဆင်ပါတယ်။ ပြင်ဦးလွင်မြို့နယ်၊ ရေချမ်းအိုးရွာကို ရောက်ရှိတော့ အခြားသော တိမ်းရှောင်တပ်ဖွဲ့တွေ ပြန်လည် ပူးပေါင်း လာတာမို့ ၂၄.၂.၁၉၄၉ နေ့မှာ ပြင်ဦးလွင် BE ကုန်းကို မိမိတပ်များက ပြန်လည် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါပြီ...
ဒါပေမယ့်.. ရန်သူကလည်း အပြီးတိုင် ဆုတ်ခွာတာ မဟုတ်ပဲ မြို့တွင်း တိုက်ပွဲတွေ ဆင်နွှဲနေတာမို့ တစ်မြို့လုံး သေနတ်သံ မစဲ၊ ယမ်းငွေ့တွေ ဝဲပျံပြီး မှောင်မည်း နေတော့တာပေါ့...
ဒီအချိန်မှာ...
အရေးကြီးဆုံးက ရန်သူ့သတင်း...
စစ်မြေပြင်မှာ ရန်သူ့သတင်း မရရင် ကိုယ့်ဘက်က တစ်ပန်း ရှုံးပြီ။ ခက်တာက ရန်သူကလည်း ဒီအချက်ကို နောကြေပြီးသား...
မသင်္ကာတဲ့ ယောင်္ကျားမှန်သမျှ အကုန် ဆီးဖမ်းပြီး သတ်နေတော့ ဗိုလ်မှူးထင်ပေါ် လွှတ်လိုက်တဲ့ သတင်းထောက်သူ မှန်သမျှ BE ကုန်းက ဆင်းတာနဲ့ ရန်သူ့ ကာကင်းတွေနဲ့ တွေ့ပြီး တစ်ယောက်မှ ပြန်မလာနိုင် တော့ဘူးလေ။ ဒီတော့.. အသက်စွန့်ပြီး ထပ်သွားရဲတဲ့သူ မကျန်သလောက် ဖြစ်၊ ဗိုလ်မှူးထင်ပေါ် စိတ်ညစ်ရပြီ...
ဒီအချိန်မှာ ဒီတာဝန်ကို ဘယ်သူမှ မပေးပဲ VOLUNTEER အနေနဲ့ စွန့်လွှတ် စွန့်စားပြီး ထမ်းဆောင်မယ့်သူ ပေါ်လာပါပြီ။ သူကတော့.. ထားဝယ်သူလေး မချစ်ပို...
အဲဒီအချိန်မှာ မချစ်ပိုရဲ့ ခင်ပွန်းက တိုက်ပွဲမှာ ဒဏ်ရာ ရလာကာစ။ အသက်အန္တရာယ် နီးလွန်းတဲ့ အလုပ်မို့လို့ အားလုံးက ဝိုင်းတားကြပေမယ့် .. မချစ်ပိုကတော့ လက်မခံ.. အံကို တင်းတင်းကြိတ်ပြီး စွန့်စားပြီ...
သူ့ဆီမှာ ပါတာက ဓါးတိုလေး တစ်ချောင်းနဲ့ လက်ပစ်ဗုံး တစ်လုံး..
အကြံပိုင်တဲ့ မချစ်ပိုက နွားတစ်အုပ်နဲ့ နွားကျောင်း ဟန်ဆောင်.. တစ်ကောင်ပြီး တစ်ကောင် တဟဲ့ဟဲ့နဲ့မောင်းရင်း၊ KNDO တွေ တပ်စွဲထားတဲ့ နေရာစုံကို ချဉ်းကပ်၊ ဆေးတပ်ကုန်း၊ လေ့ကျင့်ရေးကုန်း၊ ကွပ်ကဲရေးကုန်း..စတဲ့ နေရာတွေကို ထောက်လှမ်း.. ခပ်လှမ်းလှမ်းက မြင်နေရတဲ့ KNDO တွေက၊ သာမန် နွားကျောင်းသမလေးလို့ တွေးထင်၊ စွန့်စားမှုတွေ အရာထင်ခဲ့ပြီ...
မချစ်ပို ယူလာတဲ့ သတင်းတွေက တကယ့် အဖိုးတန်မို့လို့ ရန်သူ့ အဓိကနေရာတွေကို တပ်မတော်က ထိရောက်စွာ တိုက်ခိုက်နိုင်၊ မိန်းမသားပေမယ့် အကြံ ပိုင်ပါပေ့...
တစ်ခါတစ်လေ မလွဲသာ မရှောင်သာ ရန်သူ သုံးလေးယောက်လောက်နဲ့ အနီးကပ်တွေ့ရင်၊ မချစ်ပိုက လက်ပစ်ဗုံးနဲ့ ပစ်.. သတင်းတွေအပြင် ရန်သူ့ လက်နက်တွေပါ၊ ယူဆောင်လာရဲ့...
တဖြည်းဖြည်းနဲ့ သွေးရဲလာတဲ့ မချစ်ပိုဟာ ထဘီအစား..(ပြေးလွှားရ လွယ်ကူအောင်) ဘောင်းဘီ ဝတ်ခွင့်တောင်း၊ လက်ပစ်ဗုံးအစား သေနတ် ကိုင်ဆောင်ခွင့် တောင်းပြီး၊ သတင်း ထောက်ရင်း.. ပိုင်ရင် ပစ်လာခဲ့။ ရန်သူက ပြန်ပစ်ပေမယ့် မချစ်ပိုကို တစ်ချက်မှ မထိ။ အာဂ သတ္တိခဲ...
နောက်တော့...
မချစ်ပိုရဲ့ အကြံပေးချက်အတိုင်း နေ့ခင်းက သတင်းထောက်ထားတဲ့ နေရာတွေကို ညဘက် ရောက်ရင်၊ လက်ရွှေးစင် စစ်သည်တစ်စုနဲ့ ဝင်တိုက်၊ သူတို့နဲ့ အတူလိုက်ပြီး ဘောင်းဘီ တကားကားနဲ့ ပြေးလွှား တိုက်ခိုက်နေတဲ့ ယောင်္ကျားတွေ ကြားက၊ တစ်ဦးတည်းသော မိန်းမသား...
တစ်ခြား စစ်သည်တွေ ထိခိုက် ဒဏ်ရာ ရလာပေမယ့် မချစ်ပိုကတော့ အပြုံး မပျက်.. ကျည်ဆံ တစ်ချက်မှ မမှန်။ သူ့ အံမှာက.. " အံပွား "..
လား..လား.. ဟုတ်တာပေါ့။ လူတစ်သောင်းမှာ တစ်ယောက် မရှိတဲ့ " အံပွား ".. အံသွား အပိုလို့ ခေါ်တဲ့ " အံပွား "...
တစ်ခြား စစ်သားတွေက အဲဒီတော့မှ ဒီလောက် ကျည်ဆံတွေ တဝှီဝှီကြား၊ ပြေးလွှား တိုက်ခိုက် နေပေမယ့် မချစ်ပိုကို ကျည်ဆံ မထိတာ ဒီ အံပွားကြောင့်လို့ ကောက်ချက် ချကြလေရဲ့...
မချစ်ပိုကတော့ ဒါတွေကို ဂရုမစိုက်။ ယောင်္ကျားသားတွေနဲ့ အတူ တိုက်မြဲ..ခိုက်မြဲ.. သွေးကလည်း ရဲပါပေ့...
တစ်ည...
KNDO တွေ ထိန်းချုပ်ထားတဲ့ ထောက်ပံ့ရေး ကုန်းကို စစ်သည်တွေနဲ့ ဝင်စီးတယ်။ ရန်သူကလည်း သဲသဲမည်းမည်း ခုခံနေတာမို့ ရန်သူ့ စက်လတ်ရှိတဲ့ ကတုတ်ကျင်းနားကို မချစ်ပိုတစ်ယောက် လှိမ့်တက်ပြီး လက်ပစ်ဗုံးနဲ့ အနီးကပ် ထုတယ်။ ရန်သူတွေ ဖရိုဖရဲ ဖြစ်နေတဲ့အချိန်.. သွေးရဲတဲ့ မချစ်ပိုက မှောက်ပစ်ရတာ အားမရလို့၊ ထပြီး အပစ်.. " ဒိုင်း " ဆိုတဲ့ သေနတ်သံ တစ်ချက်...
ဟုတ်ပါတယ်...
တစ်ခါမှ သေနတ် မမှန်ဘူးတဲ့ မချစ်ပို... ဗိုက်ကို သေနတ်မှန် သွားပါပြီ။ ဘာမထီသွေး မချစ်ပိုကတော့ ဒဏ်ရာကို ဖြစ်သလို စည်း၊ တစ်ချက်ကလေးမှ မညည်းမညူပဲ ပစ်ဆဲ.. တိုက်ဆဲ...
အတူပါတဲ့ စစ်သည်တွေက မချစ်ပိုကို ရအောင် ဆွဲထုတ်၊ စခန်းရောက်အောင် ပြန်ဆုတ်ပြီး ဆေးမှူး မရှိလို့.. မြို့ထဲက နယူးယောက် ဆေးခန်းပိုင်ရှင် ဒေါက်တာဘရင်ကို အကူအညီတောင်း၊ သူရဲကောင်းကို လေးစားတတ်တဲ့ ဒေါက်တာဘရင်ကလည်း၊ ဖယောင်းတိုင် မီးရဲရဲလေးအောက်မှာ၊ တစ်ညတာလုံး ခွဲစိတ်လျှက်...
၁၅ ချက်တောင် ချုပ်ရပေမယ့်၊ အသက်ပြင်တဲ့ မချစ်ပိုခမြာ.. သေရွာက ပြန်ရှင်လာပါပြီ။ သူ့ပါးစပ်ထဲက အစွမ်းထက်လှတဲ့ အံပွား ကြောင့်လား... သူ့ရဲ့ ပြင်းပြလှတဲ့ မျိုးချစ်စိတ် ကြောင့်လား... အားလုံးကတော့ ဝမ်းသာနေကြလေရဲ့...
အဲဒီ အချိန်မှာပဲ အထက်အမိန့်အရ BE တပ်တွေ၊ မန္တလေးကို ဆုတ်ဘို့ ပြင်ရပြီ။ မချစ်ပိုကို တစ်ပါတည်း ခေါ်သွားချင်ပေမယ့် ချီတက်မှု နှောင့်နှေးမှာစိုးလို့ မချစ်ပိုက လက်မခံ.. ပြင်ဦးလွင်မှာ မချစ်ပို တစ်ယောက်ထဲ ကျန်ခဲ့ပြီ...
ဒဏ်ရာ မကျက်မှီမှာပဲ မချစ်ပိုတစ်ယောက် ဆေးခန်းကနေ ဇွတ်ဆင်း၊ မြို့တွင်း တစ်နေရာက (မွေးစားမိဘ) ဦးကြွယ်နဲ့ ဒေါ်ပု အိမ်မှာ ပြန်ခို၊ ရင်ဖိုစရာ ကာလများ...
KNDO တွေက မြို့ထဲမှာ တပ်မတော်သားတွေ မရှိတော့တဲ့ အခါ၊ တစ်မြို့လုံးကို ပိုက်စိပ်တိုက်ရှာ.. သူတို့ကို အထိနာအောင် လုပ်ခဲ့တဲ့ မိန်းမ လူစွမ်းကောင်း.. ဘယ်မှာ ပုန်းအောင်း နေမလည်း...
မချစ်ပိုကို လေးစားတဲ့ ပြင်ဦးလွင် မြို့သူ မြို့သားတွေကလည်း .. ဘူးပဲ ခံပြီး ကာကွယ်ပေးကြပေမယ့် နောက်ဆုံးတော့လည်း၊ အသားထဲက လောက်ထွက်တဲ့ မပု ဆိုတဲ့ KNDO ဗိုလ်စောဘစံရဲ့ မယားငယ်ရဲ့ ယုတ်မာမှုကြောင့် ၊ မချစ်ပိုကို ခြေရာခံမိပြီ...
သွေးနီတဲ့ မချစ်ပိုက ထွက်မပြေး။ ဓါးမြှောင်လေး ခါးကြားမှဝှက်ပြီး (ဒဏ်ရာကြီး တစ်ဖက်နဲ့) အပြုံး မပျက်ပဲ လာဖမ်းတဲ့ KNDO တွေနောက်ကို ခပ်တည်တည် လိုက်ချသွားတယ်...
မပုရဲ့ တဲအိမ်...
KNDO ဗိုလ်စောဘစံ က..
သူ့တပည့် လက်မရွံ့သားတွေကို " အဲဒီကောင်မ၊ အံပွားပါလို့ စွမ်းတာလို့ ကြားတယ်။ သူ့ကို မသတ်ခင် အံပွားကို ရအောင်ချွတ် ".. လို့ အမိန့်ပေး၊ သွေးဆာနေတဲ့ ငရဲသားတွေကလည်း၊ မိန်းမသားပဲ လို့ ညှာမနေဘူး။ မချစ်ပိုရဲ့ ပါးစပ်ကို အတင်းဖြဲ၊ ဓါးမြှောင်နဲ့ ကလန့်ပြီး အံပွားကို ချွတ်.. မကျွတ်သေးတော့ အတင်းဆွဲ.. ပါးစပ်တစ်ခုလုံး သွေးတွေရဲလို့...
သတ္တိခဲ မချစ်ပိုကလည်း၊ ခါးကြားမှာ ဝှက်ယူလာတဲ့ ဓါးမြှောင်ကို ဆွဲထုတ်ပြီး ပြန်ထိုး၊ အယုတ်တမာမျိုး နှစ်ကောင် ဗိုက်ကိုနှိပ်ပြီး ထွေးကနဲ၊ အသက်ချင်း လဲပြီ...
အနားမှာရှိတဲ့ KNDO ဗိုလ်စောဘစံက သေနတ်ဆွဲပြီး ကျည်တစ်ကပ်လုံး ကုန်အောင် တရစပ်ပစ်၊ စိတ်ဓာတ် ပြင်းလှတဲ့ မချစ်ပို အသက် မထွက်သေးဘူး။ " ဒီလောက်တောင် အသက်ပြင်းတဲ့ ကောင်မ ".. ဆိုပြီး မသေမရှင် ဖြစ်နေတဲ့ မချစ်ပိုကို ဝိုင်းမ၊ အနီးနားက ရေတွင်းပျက်ထဲ ဝုန်းကနဲ ပစ်ချပြီး.. အပေါ်ကနေ ကျောက်ခဲ၊ အုတ်ခဲကျိုးတွေနဲ့ မသေမချင်း ဖို့သတ်ပါပြီ။ အဲဒီ နေ့က ၈.၄.၁၉၄၉.. ပြင်ဦးလွင်မှာ မိုးပြိုတဲ့နေ့...
မချစ်ပို ကျဆုံးတဲ့ နေ့မှာပဲ မန္တလေးကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်တွေက ပြန်သိမ်း၊ ၁၁.၄.၁၉၄၉ နေ့မှာ ပြင်ဦးလွင်ကိုပါ ပြန်သိမ်း.. အလာကောင်းပေမယ့်.. အခါနှောင်းခဲ့ပြီ...
မြို့ကို သိမ်းပြီးတာနဲ့ မချစ်ပိုရဲ့ အလောင်းကို ရေတွင်းပျက်ထဲက ရအောင် ပြန်ဖော်၊ စစ်သည်တော်တွေရော.. မြို့သူ မြို့သားတွေရော.. အံကြိတ်သူကြိတ်၊ ဟစ်အော်ပြီး ငိုသူငို၊ မချစ်ပိုကတော့.. မနိုးသော အိပ်ခြင်းနဲ့ အိပ်စက်နေလေရဲ့...
၁၆.၄.၁၉၄၉ နေ့မှာတော့ ဗိုလ်မှူးကြင် ဦးစီးတဲ့ စစ်သည်တစ်စုက သူရဲကောင်းမ မချစ်ပိုကို စစ်အခမ်းအနားနဲ့ ဂုဏ်ပြု သင်္ဂြိုလ်၊ ၁၉၅၀ ပြည့်နှစ် လွတ်လပ်ရေးနေ့မှာတော့ နိုင်ငံတော်ကလည်း သူရဘွဲ့ ပေးပြီး ဂုဏ်ပြုပြန်၊ သူ့ နာမည် " သူရ မချစ်ပို "... ယနေ့ချိန်ထိ မြန်မာပြည်ရဲ့ တစ်ဦးတည်းသော အမျိုးသမီး သူရဘွဲ့ပိုင်ရှင်.. " သူရ မချစ်ပို "...
ပြင်ဦးလွင်၊ ထုံးဘိုရပ် တစ်နေရာမှာ သူရ မချစ်ပိုရဲ့ အုတ်ဂူ ဖြူဖြူလေးက ယနေ့ချိန်ထိ ရှိနေဆဲ...
နွားကျောင်းသမလေးတွေ မြင်မိရင် သူရ မချစ်ပိုများ ဖြစ်နေမလားလို့ ကျွန်တော်က ငေးနေဆဲ...
ရင်ထဲမှာ ဆို့တက်လာတဲ့ မျက်ရည်စတွေကို မသုတ်ပစ်ရက်ပဲ ရဲရင့်လွန်းတဲ့ သူ့အကြောင်းကို အခုချိန်ထိ

တွေးနေဆဲ...
Thu Hlaing , kolatt(PBDN)
RangonNewsDaily
Thu Hlaing , kolatt(PBDN)
RangonNewsDaily
No comments:
Post a Comment