Pages

Pages - Menu

Saturday, November 23, 2013

တက္ကသိုလ်များ ဗဟိုကောင်စီ ဥက္ကဋ္ဌရာထူး ပြောင်းလဲမည်

RangonNewsDaily:: November . 23 .2013
နှစ်ပေါင်း ၅၀ ကျော် သက်တမ်းရှိ တက္ကသိုလ်များ ဗဟိုကောင်စီ ဥက္ကဋ္ဌ ရာထူးကို ခေတ်အဆက်ဆက် ပညာရေးဝန်ကြီးများကသာ တာဝန်ယူခဲ့ရာက အစိုးရသစ် လက်ထက် ပညာရေးစနစ်တွင် ကောင်စီဝင်များထဲမှ ရွေးချယ် ခန့်အပ်ရန် စီစဉ်နေကြောင်း မိတ္ထီလာ စီးပွားရေး တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာတင်ဝင်းက The Voice သို့ ပြောကြားသည်။
ယင်းအပြင် လတ်တလော ကျင်းပထားသော ကောင်စီ အစည်းအဝေးများ၌ ကောင်စီ ဥက္ကဋ္ဌကို အစိုးရ အဖွဲ့က တိုက်ရိုက် ခန့်အပ်နိုင်ကြောင်း ဆွေးနွေးခဲ့သည့် အတွက် ဥက္ကဋ္ဌရာထူး အပြောင်းအလဲတွင် ခန့်ထားမည့်သူကို ဆုံးဖြတ်ချက် မချရသေးကြောင်း ၎င်းကပြောဆိုသည်။

တက္ကသိုလ်များ ဗဟိုကောင်စီ ဥက္ကဋ္ဌကို ပညာရေးဝန်ကြီးက တာဝန်ယူသည့်အတွက် ကောင်စီ မူဝါဒ များသည် ပညာရေးဝန်ကြီးဌာန လက်အောက်သို့ ရောက်ရှိသွားကြောင်း၊ ယင်းသို့ရာထူး အပြောင်းအလဲ ဖြစ်မည်ဆိုလျှင် တက္ကသိုလ်များ စီမံအုပ်ချုပ်ရေးနှင့် မူဝါဒများကို လွတ်လပ်စွာ ဆောင်ရွက်ခွင့် ရနိုင်မည် ဖြစ်ကြောင်း ဒေါက်တာတင်ဝင်းက ထပ်လောင်း ပြောဆိုသည်။
“ပညာရေးနဲ့ အုပ်ချုပ်ရေး ပိုင်းကိုတော့ ကောင်စီက လွတ်လွတ်လပ်လပ် လုပ်နိုင်သွားမယ်။ ဘဏ္ဍာရေးပိုင်းကိုတော့ မသေချာသေးဘူး” ဟု ၎င်းကဆိုသည်။

အစိုးရသစ် လက်ထက်တွင် ပထမဆုံးအကြိမ် တက္ကသိုလ်များ ဗဟိုကောင်စီ ဥက္ကဋ္ဌ ရာထူးကို ပညာရေးဝန်ကြီးက လွှဲပြောင်းပေးခြင်းသည် တက္ကသိုလ် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရှိရန် စတင်ခြင်းပင် ဖြစ်ကြောင်း သက်တမ်းရင့် ပညာရေး ဝန်ထမ်းများက သုံးသပ်ကြသည်။

လက်ရှိ အချိန်တွင် ပညာရေး ဝန်ကြီးဌာနက တက္ကသိုလ်များ ကိုယ်ပိုင် အုပ်ချုပ်ခွင့်နှင့် ဝင်ခွင့် ရွေးချယ်ရေး စနစ်တို့ကို ပြင်ဆင်လျက် ရှိပြီး လာမည့် ၂၀၁၅ ခုနှစ် မတိုင်မီ အာဆီယံ ဒေသတွင်း ပညာရေး စနစ်တစ်ခု ဖြစ်လာရန် ဆောင်ရွက်နေကြောင်း နိုင်ငံတော် သမ္မတ၏ လမ်းညွှန်ချက်နှင့် ဖွဲ့စည်းထားသော ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်အထိ ပညာရေး ဝန်ကြီးဌာန အပါအဝင် အခြားဝန်ကြီးဌာန လက်အောက် အဆင့်မြင့်ပညာ တက္ကသိုလ်အားလုံး ၁၆၄ ခု ရှိကြောင်း ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။

The Voice , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment