Pages

Pages - Menu

Wednesday, October 23, 2013

EITI အတွက် လိုအပ်သည့် ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းနိုင်ရန် နိုင်ငံတကာ အတွင်းဝန်ရုံးမှ မြန်မာနိုင်ငံသို့ လာရောက်မည်

RangonNewsDaily:: October. 23 .2013
EITI (သဘာဝ သယံဇာတ တူးဖော်ထုတ်လုပ်ရာတွင် ပွင့်လင်းမြင်သာမှု) အဖွဲ့ဝင်အဖြစ် လျှောက်ထားရာတွင် မြန်မာနိုင်ငံ အနေဖြင့် ဖွဲ့စည်းရန် ကျန်ရှိနေသော ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းနိုင်ရန်အတွက် နော်ဝေအခြေစိုက် EITI နိုင်ငံတကာ အတွင်းဝန်ရုံးမှ ကိုယ်စားလှယ်က မြန်မာနိုင်ငံသို့ လာရောက်ကူညီပေးရန်ရှိကြောင်း MEITI မှ ဒုတိယ ခေါင်းဆောင်ဖြစ်သူ ကိုမင်းဇာနည်လင်း၏ ပြောပြချက်အရ သိရသည်။ EITI နိုင်ငံတကာ အတွင်းဝန်ရုံးမှ ကိုယ်စားလှယ်သည် နိုဝင်ဘာလ အတွင်းတွင် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်သည်။

မြန်မာနိုင်ငံ အနေဖြင့် EITI အဖွဲ့ဝင်အဖြစ် လျှောက်ထားရာတွင် သတ်မှတ်ထားသည့် စည်းကမ်းချက်များအနက် အစိုးရ၊ ကုမ္ပဏီ၊ အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်သည့် ညွန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းရမည်ဖြစ်ရာ အဆိုပါ ညွန့်ပေါင်းအဖွဲ့ကို ယခုထိ ဖွဲ့စည်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ယင်းသို့ ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းနိုင်ရန်အတွက် ယခုလဆန်းပိုင်းက တစ်နိုင်ငံလုံးရှိ အရပ်ဘက် အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးခဲ့ပြီး အစိုးရထံသို့ သယံဇာတ ထုတ်ယူသုံးစွဲရေး လှုပ်ရှားမှုများတွင် ဖမ်းဆီးခံထားရသည့် တက်ကြွလှုပ်ရှားသူများကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ လွတ်လပ်စွာ ပြောဆိုစည်းရုံးခွင့်၊ တင်ပြဆွေးနွေးခွင့်၊ ပြန်ကြားဆက်သွယ်နိုင်ခွင့် သဘာဝ သယံဇာတ စီမံခန့်ခွဲရေး ဆိုင်ရာအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် သုံးပွင့်ဆိုင် အစည်းအဝေးပွဲများကို လေးလတစ်ကြိမ် ပြုလုပ်၍ သတင်းထုတ်ပြန်ရန်၊ ပုဒ်မ ၁၈၊ ပုဒ်မ ၁၄၄၊ အရပ်ဘက် လူ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ၊ မီဒီယာ ဥပဒေ၊ ဆက်သွယ်ရေး ဥပဒေ စသည့် ဥပဒေများကို အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် ညှိနှိုင်းကာ အလျင်အမြန် ပြင်ပေးရန်အတွက် တောင်းဆိုခဲ့ပြီး လိုက်လျောမပေးပါက ပါဝင်မည် မဟုတ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

"အရပ်ဘက် အဖွဲ့အစည်းတွေ အနေနဲ့ ထိထိရောက်ရောက် ပါဝင်ဖို့ဆိုရင် အခုတောင်းဆိုထားတဲ့ အချက်တွေက လိုအပ်မယ်လို့ ထင်ပါတယ်။ ဥပဒေပိုင်းဆိုရင် အချိန်နည်းနည်း ကြာမယ်။ ကျွန်တော်တို့ တောင်းဆိုထားတဲ့ အချက်တွေပေါ်မှာ တိုးတက်မှုရှိတဲ့ပေါ် မူတည်ပြီး ဆောင်ရွက်သွားမှာပါ။ EITI နိုင်ငံတကာ အတွင်းဝန်ရုံးက လာမယ်ဆိုလည်း အတွေ့အကြုံပဲ ရမှာပေါ့။ ညွန့်ပေါင်းအဖွဲ့ ဖွဲ့ဖို့ဆိုတာက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆွေးနွေးဖို့ လိုပါတယ်" ဟု ပျိုးပင်အဖွဲ့မှ ဦးဆလိုင်းကျုံးလျန်ထောင်းက ပြောကြားသည်။
EMG , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment