Pages

Pages - Menu

Monday, October 28, 2013

အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ကေအိုင်အိုကိုယ်စားပြု နည်းပညာ အကြံပေးအဖွဲ့များနှင့် တွေ့ဆုံ

RangonNewsDaily:: October. 28 .2013
ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိနေသည့် အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်သည် မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်နှင့် ကေအိုင်အိုကိုယ်စားပြု နည်းပညာ အကြံပေးအဖွဲ့ (Technical Advisory Team) များနှင့် သီးခြားစီ တွေ့ဆုံခဲ့ကြောင်း သိရသည်။ ဒဲရစ်မစ်ချယ်သည် အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းတွင် ကေအိုင်အိုကိုစားပြု နည်းပညာ အကြံပေးအဖွဲ့ကို တွေ့ဆုံကာ လိုင်ဇာမြို့တွင် ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးပွဲသည် အရေးကြီးပြီး ဘယ်ပုံဘယ်နည်း လုပ်ဆောင်သွားမည် ဆိုသည်ကို ဆွေးနွေးကြောင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်သည့် ဖြစ်စဉ်တွင် တိုးတက်သော အခြေအနေ၊ လုပ်ငန်းစဉ်ချောမွေ့မှု၊ နည်းပညာ အကြံပေးအဖွဲ့များ၏ အခြေအနေကို မေးမြန်းစုံစမ်း အားပေးသွားကြောင်း အကြံပေး အဖွဲ့ဝင်များက ဆိုသည်။

ကေအိုင်အို နည်းပညာ အကြံပေးအဖွဲ့မှ ကိုဒေါင်ခါးက "လွန်ခဲ့တဲ့ ဆွေးနွေးပွဲက စစ်တပ်ကနေပြီးတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်လုပ်မယ်ဆိုတဲ့ သဘောထား ရတယ်။ တစ်ခါတလေမှာ အောက်ခြေမှာ ဖြစ်တဲ့ကိစ္စတွေဟာ ကချင်လူထု သဘောထားကို ပြောင်းလဲစေတယ်။ ကေအိုင်အေက ကချင်လူထု သဘောထားကို ပစ်ပယ်လို့ မရတော့ ကေအိုင်အိုတွေရဲ့ လုပ်ငန်းမှာ အခက်တွေ့စေတယ်" လို့ တင်ပြခဲ့ကြောင်း ပြောကြားသည်။ ယင်းနေ့ နံနက်ပိုင်းတွင် သံအမတ်ကြီးသည် မြောက်ပိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်နှင့် တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံမှုနှင့် ပတ်သက်ပြီး ဒဲရစ်မစ်ချယ်က "အခုအချိန်ဟာ ငြိမ်းချမ်းရေး လမ်းစဉ်မှာ အရှိန်ရနေတယ်။ အဲဒါကို ဆက်ပြီးဘယ်လို ပံပိုးသွားမယ်ဆိုတဲ့ ကိစ္စရယ်၊ နိုင်ငံရေး ပြောင်းလဲမှု လမ်းစဉ်မှာ တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက် အရေးပါတယ်ဆိုတာရယ်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ဘယ်လောက်ထိ ထဲထဲဝင်ဝင် ကူညီပံပိုး ပေးရမယ် ဆိုတာရယ်၊ တပ်မတော်က လုပ်လိုက်တဲ့ ကိစ္စတိုင်းမှာ နိုင်ငံရေးပေါ်မှာ ဘယ်လောက် အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာတွေကို ဆွေနွေးပါတယ်။ နောက်တစ်ချက်က အောက်တိုဘာ ၁၀ ဆွေးနွေးပွဲက သဘောတူညီချက်တွေက အရေးကြီးသလိုပဲ အဲဒီအချက်တွေကနေ သွေဖယ်မသွားဖို့ ဆိုတာလည်း အရေးကြီးကြောင်း ဆွေးနွေးကြပါတယ်" ဟု ပြောကြားသည်။

ယခုအကြိမ်သည် အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်၏ ကချင်ပြည်နယ်သို့ ဒုတိယအကြိမ် လာရောက်ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၇၊ ၁၈ ရက်က ပထမအကြိမ် လာရောက်လည်ပတ်ခဲ့သည်။ ဒဲရစ်မစ်ချယ်သည် လွန်ခဲ့သောနေ့က ကချင်ယဉ်ကျေးမှု ဗဟိုကော်မတီဝင်များ၊ ရိုမန်ကစ်သလစ် ဘုန်းတော်ကြီးများ၊ ကချင်နှစ်ချင်း အသင်းတော်မှ တာဝန်ရှိသူများ၊ ကချင်ပြည်တွင်းရှိ ရှမ်းမျိုးနွယ်စုများ၊ ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ဝင်များအား တွေ့ဆုံခဲ့ကြောင်း သိရသည်။

EMG , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment