Pages

Pages - Menu

Tuesday, October 1, 2013

အဓမ္မကျင့် လူသတ်မှုဖြင့် တပ်မတော်သားတစ်ဦးကို သေဒဏ်ချမှတ်

RangonNewsDaily:: October. 1.2013
တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပေါက်တောကျေးရွာအုပ်စု လက်ပံခုံ ကျေးရွာနေ အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦးကို အဓမ္မကျင့်ကာ ဓားဖြင့်ခုတ်သတ်ခဲ့သူ တပ်မတော်သား တစ်ဦးကို တောင်ငူခရိုင် တရားရုံးမှ စက်တင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီမိနစ် ၃၀ က ပြစ်မှုဆိုင်ရာ အမှုကြီး အမှတ် ၄၂ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂(၁) (ဂ)အရ သေဒဏ် ချမှတ်ခဲ့ကြောင်း အဆိုပါ ခရိုင်တရားရုံးထံမှ သိရှိရသည်။ “သေဒဏ်ချမှတ်ခံရသူက ခုနစ်ရက်အတွင်း အယူခံ ဝင်နိုင်ပါတယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ တောင်ငူ အကျဉ်းဦးစီးဌာနကို ပေးပို့ထားပါမယ်” ဟု တောင်ငူခရိုင် တရားရုံးမှ အမည်မဖော်လိုသူ ခရိုင်တရားသူကြီးက ပြောကြားသည်။

အဆိုပါ လူသတ်မှုသည် ယခုနှစ် မတ်လ ၁၀ ရက်နေ့ နံနက် ၈ နာရီခန့်က အုတ်တွင်းမြို့နယ် ပေါက်တောကျေးရွာအုပ်စု လက်ပံခုံကျေးရွာ အလယ်ရှိ ရေတွင်းဘေး သွေးအိုင်ထဲတွင် အသက် ၃၀ အရွယ် ဒေါ်သင်းသင်းဆွေ လဲကျ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ဒေါ်သင်းသင်းဆွေမှာ အဝတ်လျှော်ရန် ယင်းရေတွင်းသို့ သွားရောက်ခဲ့ခြင်း ဖြစ်ကြောင်း သေဆုံးသူ၏ အမျိုးသားဖြစ်သူ ဦးအေးဆွေ၏ ထွက်ဆိုချက်အရ သိရှိရသည်။

ယင်းနေ့တွင် သံသယရှိသူ တစ်ဦးကို ရဲအရာရှိများ၏ မေးမြန်း စစ်ဆေးချက်များအရ ကျောက်ကြီးမြို့နယ်ရှိ အမှတ် (၆၀) ခြေလျင်တပ်ရင်းတွင် တာဝန်ထမ်းဆောင်သူ အသက် ၂၅ နှစ်အရွယ် တပ်သားဖိုးသားက ကျူးလွန်ခြင်း ဖြစ်ကြောင်း သိရသဖြင့် ၎င်းကို အုတ်တွင်းမြို့နယ် ရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့ပြီး သက်ဆိုင်ရာတပ်က လွှဲပြောင်းစစ်ဆေးကာ စစ်ဘက်တရားရုံးတွင် ထောင်ဒဏ်ခြောက်လ ချမှတ်ခဲ့ကြောင်း၊ ယင်းနောက် တောင်ငူ အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကာ အရပ်ဘက် တရားရုံမှ ဆက်လက် စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ တရားရုံးထံမှ စုံစမ်းသိရှိရသည်။

သံသယရှိသူ ဖိုးသားက ဒေါ်သင်းသင်းဆွေကို အဓမ္မကျင့်ပြီးနောက် ဓားဖြင့် ထိုးခုတ်ခဲ့သဖြင့် ဒေါ်သင်းသင်းဆွေတွင် ဦးခေါင်းပြတ်ရှ ဒဏ်ရာသုံးချက်၊ ဘယ်ဘက် လက်ကောက်တွဲလွဲပြတ်ကျ ဒဏ်ရာတစ်ချက်၊ ဘယ်ဘက်နားထင်မှ ဘယ်ပါးအထိ ကန့်လန့်ပြတ်ရှ ဒဏ်ရာတစ်ချက်နှင့် နားရွက်ပြတ် ဒဏ်ရာများဖြင့် သေဆုံးခဲ့ရခြင်းအပြင် အဓမ္မမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားသဖြင့် တောင်ငူ ခရိုင်တရားရုံးက ဖိုးသားကို သေဒဏ်ချမှတ်ခဲ့ကြောင်း ခရိုင်တရားရုံး၏ စီရင်ချက်တွင် ဖော်ပြထားသည်။
The Voice ,  RangonNewsDaily
kolatt (Pabedan)

No comments:

Post a Comment