Pages

Pages - Menu

Friday, October 11, 2013

အဓိဋ္ဌာန် စေတီတော်သို့ လှူဒါန်းခဲ့သော ရတနာပစ္စည်းများမှာ အတုသာဖြစ်ဟုဆို

RangonNewsDaily:: October. 11 .2013
မျက်နှာစိမ်း အမျိုးသမီးနှစ်ဦးက အိပ်မက်အရ အဓိဋ္ဌာန် စေတီတော်အတွက်ဟုဆိုကာ အောက်တိုဘာလ ၈ ရက် နံနက် ၁ နာရီခန့်က လာရောက် လှူဒါန်းခဲ့သည့် လက်ဝတ်ရတနာ ပစ္စည်းများကို ကျွမ်းကျင် ပန်းထိမ်ပညာရှင်ဖြင့် စစ်ဆေးခဲ့ရာ အဆိုပါ ရတနာပစ္စည်းများသည် အတုများသာ ဖြစ်ကြောင်း မှော်ဘီမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။
အဆိုပါ လက်ဝတ် ရတနာများကို မှော်ဘီမြို့နယ် အမှတ် (၁) ရပ်ကွက် မြေဆင်းတောရ ရိပ်သာကျောင်း၊ အာသောကကျောင်းတိုက် ဆရာတော် ဦးကောသလထံ လာရောက် လှူဒါန်းခဲ့ပြီး အဆိုပါ ဆရာတော်၏ ခွင့်ပြုချက်ဖြင့် အောက်တိုဘာလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ခန့်တွင် စစ်ဆေးခဲ့ရာမှ ယင်းကဲ့သို့ အဖြေထွက်ပေါ်ခဲ့ကြောင်း ၎င်းကရှင်းပြသည်။
::
အောက်တိုဘာလ ၈ ရက် နံနက် ၁ နာရီခန့်က ဆရာတော် ဦးကောသလ ကျိန်းစက်နေချိန် တံခါးခေါက်သံကြောင့် ဆရာတော်က ဖွင့်ကြည့်ရာ အသက် ၄၀ ဝန်းကျင်ရှိ မျက်နှာစိမ်း အမျိုးသမီးနှစ်ဦး ရောက်ရှိလာပြီး ကျောင်းဝင်း အတွင်း တည်ဆောက်ဆဲ ဘုန်းတော်ပွင့် အဓိဋ္ဌာန် စေတီတော်အတွက် လှူဒါန်းပေးရန်နှင့် အမျှပေးဝေပေးရန် လျှောက်ထားကာ ပလတ်စတစ်အိတ် အနက်ရောင်ဖြင့် ထုပ်ထားသော အထုပ်တစ်ခုကို လှူဒါန်းခဲ့ရာ ဆရာတော်က မျက်စိမှိတ် အမျှပေးဝေကာ မျက်စိ ပြန်ဖွင့်ချိန်တွင် အမျိုးသမီးနှစ်ဦး ကျောင်းအတွင်း မရှိတော့ကြောင်း၊ အဆိုပါ အထုပ်ကို ဘုရားခန်းအတွင်း သိမ်းဆည်းခဲ့ပြီး နံနက်ဆွမ်းစားချိန်တွင် အထုပ်ကို ဖွင့်ကြည့် စစ်ဆေးရာမှ ရတနာပစ္စည်းများ ဖြစ်မှန်း သိရှိခဲ့ကြောင်း သက်တော် ၄၂ နှစ်၊ ဝါတော် ၂၂ ဝါရှိ ဆရာတော် ဦးကောသလက မိန့်ကြားခဲ့သည်။
::
အောက်တိုဘာလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က မြို့နယ် အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်သံဃ နာယကအဖွဲ့၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့တို့က ဆရာတော် ဦးကောသလထံ လှူဒါန်းခဲ့သော လက်ဝတ်ရတနာ ပစ္စည်းများ၏ အလေးချိန်နှင့် တန်ဖိုး ငွေကို မှတ်တမ်းတင်ရန်အတွက် ခွင့်ပြုချက် တောင်းခံခဲ့ပြီး စစ်ဆေးရာမှ အတုများ ဖြစ်နေသည်ကို သိရှိခဲ့ရကြောင်း အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက ပြောကြားသည်။
::
“ဥစ္စာစောင့်နှစ်ဦးက လာလှူတယ်သာ ပြောတာ။ လက်ဝတ်ရတနာတွေက ဒီနေ့ခေတ် လက်ရာတွေလို့ အပြင်မှာ ပြောနေကြတာကြောင့် သက်ဆိုင်ရာ အာဏာပိုင်တွေက ဦးပဉ္စင်းတို့ကို လျှောက်လို့ လူတွေ သံသယ ကင်းသွားအောင် ဆရာတော် ဦးကောသလကို လျှောက်ပြီး ရတနာတွေကို စစ်ဆေးခဲ့တာ” ဟု သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့မှ ဆရာတော်တစ်ပါး က မိန့်ဆိုသည်။
::
အဆိုပါ လာရောက် လှူဒါန်းခဲ့သည့် လက်ဝတ်ရတနာ ပစ္စည်းအတုများမှာ ရွှေလက်စွပ် တစ်ကွင်း၊ ရွှေဆွဲကြိုး ဒေါင်းဘယက် သုံးကုံး၊ ကျောက်စီဆွဲကြိုး သုံးကုံး၊ ရွှေလက်ကောက် ကိုးကွင်း၊ ရွှေကြုတ်တစ်ခု၊ ရွှေဆွဲသီးကိုးလုံး၊ ရင်ထိုးလေးခု၊ နားကပ် ၁၃ ရံ၊ ကျောက်ဘယက် တစ်ခု၊ ပုလဲတစ်ဘူး၊ ကျောက်အစုံ တစ်ဘူးတို့ ဖြစ်ပြီး စေတီတော်အတွက် ရည်စူးကာ လှူဒါန်းခဲ့သောကြောင့် ဌာပနာအတွင်း ထည့်သွင်းမည် ဖြစ်ကြောင်း ဆရာတော်က ထပ်မံ မိန့်ကြားသည်။
::
“စေတီအတွက် လှူဒါန်းတဲ့ ရတနာတွေက အအတုတွေ ဖြစ်နေတော့ ဆရာတော်က ထင်ပေါ်ကျော်ကြားချင်လို့ ဒီလိုလုပ်တာလား။ ဒါမှမဟုတ် ဆရာတော့်ကို ကိုးကွယ်နေတဲ့သူတွေ အကြည်ညို ပျက်စေချင်လို့ အတုတွေ လာလှူတာလား ဆိုတာကို အပြင်မှာ အမျိုးမျိုးတွေးပြီး ပြောနေကြတယ်” ဟု ယင်းမြို့နယ်ရှိ ဒေသခံများက ပြောကြားသည်။
::
မြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တကဝိဓဇက လက်ဝတ်ရတနာ အတုများနှင့် ပတ်သက်၍ ဆရာတော် ဦးကောသလကို သာသနာ ညှိုးနွမ်းစေနိုင်သဖြင့် အများပြည်သူထံသို့ ခင်းကျင်း ပြသခြင်း၊ ယုံမှားသံသယ ဖြစ်စေမည့် ပြောဆိုပြုမူခြင်းများ မပြုလုပ်ရန်နှင့် ၎င်းပစ္စည်းများကို လုံခြုံသော နေရာတွင် ထိန်းသိမ်းထားရန် မိန့်ကြားခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။
::
ဆရာတော် ဦးကောသလသည် ၂၀၀၂ ခုနှစ်က ယင်းကျောင်း မြေနေရာကို ဝယ်ယူကာ ဝါးကျောင်းဖြင့် သီတင်းသုံး နေထိုင်ခဲ့ရာမှ တရားစခန်းများ ဖွင့်လှစ်ခဲ့ပြီး မြေဆင်းတောရ တရားစခန်းမှ ဒါယကာ၊ ဒါယိကာမများ အဆက်အသွယ်ဖြင့် လာရောက် လှူဒါန်းသူ များပြားလာခဲ့ပြီး ၂၀၀၈ ခုနှစ်မှစ၍ အာသောက ကျောင်းတိုက်မှာ ဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်း အမှတ် (၁) ရပ်ကွက်တွင် နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly::-- kolatt(PBDN)
RangonNewsDaily



No comments:

Post a Comment