Pages

Pages - Menu

Wednesday, October 9, 2013

ထုံးဘိုကျောက်ထုတ်စခန်း သုံးရက်ဆက်တိုက် ကျောက်တုံးပိ၍ သုံးဦးသေ

RangonNewsDaily:: October. 9 .2013
မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် အမှတ်(၁)ထုံးဘို အကျဉ်းဦးစီးဌာနရှိ ကျောက်ထုတ်လုပ်ရေး စခန်းတွင် အောက်တိုဘာလ ၅ ရက်နေ့မှ ၇ ရက်နေ့ အထိ သုံးရက်အတွင်း ကျောက်တုံးများပိ၍ လူသုံးဦး သေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ ထုံးဘို (၁) အကျဉ်းဦးစီးဌာနတွင် အောက်တိုဘာလ ၇ ရက်နေ့ ညနေ ၄ နာရီက အကျဉ်းသား များဖြင့် လုပ်ငန်းဆောင်ရွက်နေစဉ် ပုသိမ်ကြီး မြို့နယ် သလဲကုန်း ကျေးရွာနေသူ ဦးနိုင်လင်း ၃၅ နှစ် သည် ထော်လာဂျီပေါ်သို့ ကျောက်ပျက်များ တင်ဆောင်ရန် ထော်လာဂျီ၏ နောက်ပိတ်တံခါးဖွင့်စဉ် အမြင့်ပေ ၁၀၀ ခန့် ကျောက်တောင်မှ ၄ x ၃ ပေခန့် ကျောက်တုံးသုံးတုံး အလိုအလျောက် ပြုတ်ကျလာပြီး ကျောက်တုံးပိကာ သေဆုံးသွားကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

ယင်းကဲ့သို့ ကျောက်တုံးပြုတ်ကျစဉ် အနီးတွင် ရှိနေသည့် အကျဉ်းသားများမှာ ထွက်ပြေးသဖြင့် လွတ်မြောက်သွားခဲ့ပြီး ဦးနိုင်လင်းမှာ ကျောက်တုံးပိကာ ပါးစပ်နှင့် နှာခေါင်း သွေးထွက်ဒဏ်ရာများ ရရှိ၍ သေဆုံး သွားခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေရဲစခန်း (အုန်းချော)က သေမှုသေခင်း အမှတ်စဉ် ၁၈/၂၀၁၃ အရ အမှုဖွင့် အရေးယူထားကြောင်း ယင်းရဲတပ်ဖွဲ့စခန်း ထံမှ သိရသည်။

ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာ၊ အမှတ်(၃) ကျောက်ဖြူတောင် ကြွေတောင် ကျောက်မိုင်းခွဲလုပ်ငန်းတွင် အောက်တိုဘာလ ၆ ရက်နေ့က ကျောက်မိုင်းခွဲ လုပ်ငန်း လုပ်ကိုင်သူ ချစ်ကို (၂၆နှစ်) သည် ကျောက်မိုင်းခွဲရန် အမြင့်ပေ ၁၀၀ကျော်ခန့်ရှိ ကျောက်တောင်ပေါ်သို့ ကြိုးဖြင့်တက်ရာ အမြင့်ပေ၂၀ခန့်အရောက် ခြေချော်၍ ပြုတ်ကျပြီး ဦးခေါင်းနောက်စေ့ ပေါက်ပြဲ ယာခြေသလုံး ကျိုးဒဏ်ရာ ရရှိ၍ သေဆုံးသွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

ယင်းအပြင် ပုသိမ်ကြီးမြို့နယ် ထုံးဘိုအကျဉ်း ဦးစီးဌာနတွင် အောက်တိုဘာလ ၅ ရက်နေ့ ကလည်း ကျောက်တောင်ပေါ်သို့ တက်စဉ် ကျောက်တောင်ပေါ်မှ ပြုတ်ကျ၍ အကျဉ်းသား အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice Weekly , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment